နိုင်ငံတာဝန်မကျေပွန်ဟု ဆိုကာ စည်ပင်ဝန်ကြီးကို စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကိစ္စ အရေးပေါ် လွှတ်တော် ခေါ်ယူဆွေးနွေးမည်

နိုင်ငံတာဝန်မကျေပွန်ဟု ဆိုကာ စည်ပင်ဝန်ကြီးကို စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကိစ္စ အရေးပေါ် လွှတ်တော် ခေါ်ယူဆွေးနွေးမည်

 

စစ်တွေ၊ ဒီဇင်ဘာ ၂၈ ရက်။            ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူနှင့် စည်ပင်သာယာရေးဝန်ကြီး တာဝန်ယူထားသည့် ဝန်ကြီး ဦးမင်းအောင်ကို နိုင်ငံတာဝန်ကျေပွန်ခြင်းမရှိဟု ဆိုကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာသည့် အစီရင်ခံစာအား ဆွေးနွေးနိုင်ရန် ပြည်နယ်လွှတ်တော်အရေးပေါ် အစည်းဝေးတစ်ရပ်ကို ခေါ်ယူသွားမည်ဟု ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

“ လာမဲ့နှစ် ဇန်နဝါရီလ ၂ ရက်နေ့ လွှတ်တော်မှာ အစည်းဝေးခေါ်ယူသွားဖို့ရှိပါတယ်။ စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို လွှတ်တော်က စွပ်စွဲပြစ်တင်ထားတဲ့ ကိစ္စနှင့် ပတ်သတ်ပြီးတော့ အရေးပေါ်အစည်းဝေး ခေါ်ယူတာပါ။” ဟု ရခိုင်ပြည်နယ် လွွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်သည် နိုင်ငံတော်က ဥပဒေအရ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွား နစ်နာဆုံးရှုံးသည်ဟု ဆိုကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုး တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။

ယင်းနောက် အဆိုပါ စွပ်စွဲပြစ်တင်ချက်နှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းစစ်ဆေးစေခဲ့ပြီး အပြီးသတ် အစီရင်ခံစာကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှထံ တင်ပြခဲ့ကြခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly