လူငယ်နဲ့ ဆူလွယ်နပ်လွယ်စာပေ -၂

 

အရင်တစ်ပတ်က ဆွေးနွေးခဲ့တာလေး ဆက်လက်ဆွေးနွေးသွားပါ့မယ်။

    အရင်တစ်ပတ်တုန်းကတော့ ဆူလွယ်နပ်လွယ်စာပေကို လူငယ်တွေ ဘာ့ကြောင့် အဓိကထား ဖတ်ရှုလာကြသလဲဆိုတာ ကျနော်တို့ အဖြေရှာခဲ့ပါတယ်။

     ကမ္ဘာကြီးရဲ့ ရုပ်ဝတ္ထုများ အလျင်အမြန် ဖြစ်ပေါ်ပေါက်ကွဲလာနေတာနဲ့အမျှ အဲဒီဖြစ်ပေါ်လာနေမှုတွေအပေါ် ဘဝကို တင်ထားရတဲ့လူငယ်တွေဟာ လေးပင်ပြီး အချိန်ယူဖတ်ရှုရမယ့်စာပေတွေကို ခဏဖယ်ထားပြီး လွယ်လွယ်နဲ့နားလည်နိုင်တဲ့ အလျင်အမြန်ဖတ်ရှုလို့လည်းရပြီး ဘဝရဲ့လိုအပ်ချက်တွေကို ချက်ချင်းဖန်တီးပေးနိုင်တယ်လို့ ထင်ယောင်မှားဖွယ်ရှိတဲ့ ဆူလွယ်နပ်လွယ်စာပေကို အားကိုးလာကြရတဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့တော့ ဆူလွယ်နပ်လွယ်စာပေရဲ့ သြဇာသက်ရောက်မှုတချို့ကို ဆက်ပြီးဆွေးနွေးမှာပါ။

     ဆူလွယ်နပ်လွယ်စာပေဟာ တိုတိုနဲ့လိုရင်းကိုပဲ ဦးစားပေးတာဖြစ်လို့ လတ်တလော ကိုယ်နဲ့ လက်လှမ်းမှီတဲ့စာပေဖြစ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် သူက အခြေအမြစ်ကျကျ နက်နဲသိပ်သည်းမှုအသိကိုတော့ မပေးနိုင်ပါဘူး။ ဆိုလိုတာက စာပေတစ်ခုရဲ့ သြဇာကို အချိန်ကြာကြာ ရယူထားနိုင်တဲ့စာပေ မဟုတ်ပါဘူး။ အထူးသဖြင့် ဆူလွယ်နပ်လွယ်စာပေကပေးတဲ့ အမှန်တရားဆိုတာ ကြာကြာမခံပါဘူး။ လေးနက်မှုမရှိပါဘူး။ ဆူလွယ်နပ်လွယ်စာပေဆိုတာ စာဖတ်သူရဲ့ တွေးခေါ်မှုကို တွန်းမတင်နိုင်ဘူ။ စာဖတ်သူဖတ်ချင်သိချင်ရယူချင်တဲ့ဆန္ဒကို ရုတ်တရက် ပြိုးပြိုးပြက်ပြက် ကျေနပ်အောင်ဖြည့်ဆည်းပေးဖို့ကိုပဲ ရည်ရွယ်တဲ့စာပေဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆူလွယ်နပ်လွယ်စာပေကို  စာဖတ်သူ နောက်မြီးဆွဲစာပေလို့လည်းခေါ်လို့ရပါတယ်။

   စာဖတ်သူကို သဘောတရားအရ ဦးဆောင်မှုမပေးနိုင်ပါဘူး။ စာဖတ်သူတွေ ဘယ်ဟာကို အာရုံကျနေသလဲ။ အဲဒီ အာရုံကျမှုကိုပဲ ဖြည့်ပေးတဲ့သဘောပါပဲ။ စာဖတ်သူရဲ့လတ်တလောဆန္ဒကိုပဲ ဖြည့်ပေးတဲ့သဘောပါပဲ။ စာဖတ်သူတွေ ဘာကို အာရုံကိုင်းညွှတ်နေသလဲ။ အဲဒီကိုင်းညွှတ်ကို လိုက်ရေးတဲ့သဘောပါပဲ။ ဒါကြောင့်မို့ ရေတိုသဘောဆောင်ပြီး မလေးနက်တဲ့သဘော ဖြစ်ရပါတယ်။ ဒီတော့ ဆူလွယ်နပ်လွယ်စာပေဟာ ကြာရှည်မခံပဲ အခြား ဆူလွယ်နပ်လွယ်အမျိုးအစားအသစ်ကို ထပ်ပြီး ဖန်တီးရပြန်ပါတယ်။ သည့်ထက် ပြိုးပြက်တယ်လို့ထင်ရတဲ့စာပေကို ထပ်ထွင်ရပြန်ပါတယ်။ ဒါမှသာ စာဖတ်သူတွေကို ထပ်မံဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။

   ဆူလွယ်နပ်လွယ်စာဟော စာဖတ်သူကို မဦးဆောင်ပါဘူး။ စာဖတ်သူကပဲ ဦးဆောင်ပါတယ်။ ဆူလွယ်နပ်လွယ်စာပေဟာ မလေးနက်ပါဘူး။ ရေတိုသဘောဆောင်ပါတယ်။ ပြိုးပြိုးပြက်ပြက်ဖြစ်တာကလွဲပြီး မတည်ငြိမ်နိုင်ပါဘူး။

     ဒီတော့ ဆူလွယ်နပ်လွယ်စာပေက စာဖတ်သူကို စိတ်အာဟာရဖြည့်ဆည်းပေးတာ စိတ်အစာကျွေးဖို့ကြိုးစားတာ စာဖတ်သူနောက်ကလိုက်တဲ့ စာဖတ်သူ နောက်မြီးဆွဲစာပေဖြစ်လာရတော့တာပေါ့။ စာဖတ်သူတွေ ဘယ်လိုအစာမျိုးစားသင့်တယ်၊ ဘယ်လိုအစာမျိုးမှသာ ကျန်းမာရေးနဲ့ညီညွတ်မယ် အစရှိတဲ့ အတွေးအခေါ်အရ ရွေးချယ်မှုအရ ဦးဆောင်မှုပေးတာမျိုး မလုပ်နိုင်ဘဲ ရေရှည်မှာ ကျန်းမာရေးနဲ့ညီညွတ်သည် မညီညွတ်သည်ကို ထည့်သွင်းမစဉ်းစားပဲ လတ်တလော စားချင်သည့်အစာမျိုးကိုသာ ဖြည့်ဆည်းပေးတဲ့သဘောမျိုးဖြစ်တယ်။ ငါးပွက်ရာ ငါးစာချတဲ့သဘော၊ ဟင်းစားကိုသာပေးပြီး ကွန်ချက်ကို မပြနိုင်တဲ့သဘောဟာ ဆူလွယ်နပ်လွယ်စာပေရဲ့ အနှစ်သာရပါပဲ။

လူငယ်တွေကို ကျနော် မေးပါရစေ။

      ပြိုးပြိုးပြက်ပြက်နိုင်တဲ့ အနှစ်သာရအရ ပါးလွှာတဲ့ ဆူလွယ်နပ်လွယ်စာပေဟာ ကျနော်တို့ရဲ့ ဘဝတစ်ခုလုံးအတွက် ကာမိပါရဲ့လား။ ကျနော်တို့ဘဝတစ်ခုလုံးအတွက် တကယ်ခိုင်မာလေးနက်တဲ့အသိကို ပေးနိုင်ပါရဲ့လား။ စဉ်းစားဆင်ခြင်သိဆိုတဲ့ ၀ိဘဇ္ဇအလုပ်ကို အကျိုးဖြစ်ထွန်းစေနိုင်ပါရဲ့လား။ ကျနော်တို့ဘဝတစ်ခုလုံးရဲ့ အခြေခံအုတ်မြစ်ကို ဘယ်လိုနေရာမျိုးမှာ ချရမယ်ဆိုတာ လမ်းညွှန်နိုင်ပါရဲ့လား။

     ဆူလွယ်နပ်လွယ်စာပေဟာ အမယ်ဘုတ်ကဲ့သူ့ချည်ခင်လိုဖြစ်နေတဲ့ လူ့ဘဝကြီးတစ်ခုလုံးအတွက် အဖြေမှန်ကို ပေးနိုင်ပါရဲ့လား။ လတ်တလော စိတ်အာသာဖြေယုံအတွက်အပေါ်မှာသာ စိုက်ထူလိုက်တာဖြစ်လို့ ဆူလွယ်နပ်လွယ်စာပေဟာ ရှုပ်တွေးနေတဲ့ လူ့ဘဝချည်ခင်ကို ဖြည်မယ်ဆိုရင် အဆုံးအထိ ရောက်အောင်ဖြည်နိုင်ပါရဲ့လား။ စဉ်းစားဖွယ်ဖြစ်ပါတယ်။

      ဥပမာ လူငယ်တစ်ယောက်ဟာ စာမေးပွဲတစ်ခုဖြေတော့မယ်ဆိုရင် တစ်ပွဲတိုးမေးခွန်းစာအုပ်တွေကိုပဲ အားကိုးပြီးဖြေဖို့ကြိုးစားခြင်းဟာ ဆူလွယ်နပ်လွယ်စာပေကို အားကိုးမိတဲ့သဘောပါပဲ။ အခြေအမြစ်ကျကျ အဖက်ဖက်က ကျေညက်အောင် ဖြည့်ဆည်းလေ့ကျက်ထားခြင်းကို ငြင်းပယ်တဲ့ အားမကိုးတဲ့ အခြေခံမကျတဲ့သဘောဟာ ဆူလွယ်နပ်လွယ်စာပေကို အားကိုးခြင်း သဘောတရားတွေပါပဲ။

       ဒါကြောင့်မို့ လူငယ်တွေဟာ ဆူလွယ်နပ်လွယ်စာပေတွေအပေါ် သုံးသပ်သင့်ပါတယ်။ ဆူလွယ်နပ်လွယ်စာပေတွေထဲက အကျိုးအပဲ့ အပိုင်းအစ စာပေအမျိုးအစားတချို့လောက်နဲ့ မတင်းတိမ်စေချင်ပါဘူး။ မကျေနပ်စေချင်ပါဘူး။

      အခုဆိုရင် လူငယ်တချို့ဟာ အဲသလို ဆူလွယ်နပ်လွယ်စာပေရဲ့ ပြိုးပြိုးပြက်ပြက်စာတိုပေစ အပိုင်းပိုင်းအပြတ်ပြတ်တချို့လောက်ကိုပဲ အထင်ကြီးအားကျ ကျေနပ်ပြီး တုပရေးသားခြင်းဖြင့် ဂုဏ်မြင့်လှပြီ ဂုဏ်ရှိလှပြီထင်နေတတ်ကြပြီး အဲဒီရောက်တဲ့နေရာမှာပဲ ရပ်တန့်နေကြတာလည်း တွေ့ကြရပါတယ်။ လတ်တလော အသစ်အတု၊ ပြိုးပြက်မှုအတုကိုပဲ ပြီးပြည့်စုံလှပြီအထင်နဲ့ အနှစ်သာရရှိတဲ့စာပေနဲ့ ဘဝရဲ့ အဓိကကျတဲ့အရာတွေအကြောင်းရေးထားတဲ့စာပေတွေကို အထင်မကြီးနိုင် မလေးနက်နိုင်ဖြစ်ကြရတာ တွေ့ကြရပါတယ်။ ဒါဟာ စိတ်ပူပန်ဖို့ကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။

      ဒါကြောင့်မို့ လူငယ်တွေဟာ ကိုယ်နဲ့လက်တစ်ကမ်းအကွာကရပ်ပြီး ကိုယ့်ကို ပြိုးပြိုးပြက်ပြက်လုပ်ပြနေတဲ့ ဆူလွယ်နပ်လွယ်စာပေတွေကိုမြင်အောင်ကြည့်စေချင်ပါတယ်။ ပြိုးပြက်တိုင်း ရွှေမဟုတ်ဘူးဆိုတာ သုံးသပ်သင့်ပါတယ်။ ဘဝရဲ့ပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဘဝရဲ့လိုအပ်တဲ့ ရွေးချယ်မှုတွေကို ဆူလွယ်နပ်လွယ်စာပေလောက်နဲ့တော့ ကျေနပ်မနေကြပါနဲ့။ အဲဒီ ဆူလွယ်နပ်လွယ်စာပေတွေထဲမှာပဲ ရွာလည်မနေကြပါနဲ့။ အဲဒီ ဆူလွယ်နပ်လွယ်စာပေမျိုးဖတ်ပြီး လက်မ ထောင်မနေကြပါနဲ့။ အဲဒီဆူလွယ်နပ်လွယ်စာပေနွံထဲမှာပဲ ရပ်တန့်ကျဆုံးအောင် မလုပ်ကြဖို့ ဆော်သြအကြံပြုလိုက်ပါတယ်။

လူငယ်တွေ ဆူလွယ်နပ်လွယ်စာပေနွံထဲက လွတ်အောင်ထွက်ရပ်နိုင်ကြပါစေ။

လူငယ်တိုင်းရဲ့မိုးကောင်းကင် ဖြူစင်လှပနိုင်ကြပါစေ။     ။

လူငယ်နဲ့ ဆူလွယ်နပ်လွယ်စာပေ (၁ )အပြည့်အစုံ - http://mizzimaburmese.com/article/35615

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly