ဗုံးခွဲမှု အဓိကမသင်္ကာသူအား သတင်းပေးနိုင်သူကို ပေးအပ်မည့် ဆုကြေးငွေ ထိုင်းတိုးမြင့်

ဗုံးခွဲမှု အဓိကမသင်္ကာသူအား သတင်းပေးနိုင်သူကို ပေးအပ်မည့် ဆုကြေးငွေ ထိုင်းတိုးမြင့်

ဘန်ကောက်၊ သြဂုတ် ၂၁ ။        ။ နိုင်ငံ၏ အဆိုးဝါးဆုံး ဗုံးခွဲမှုတွင် အဓိကမသင်္ကာသူအား ဖမ်းမိနိုင်ရေးအတွက် သတင်းပေးသူအား ချီးမြင့်မည့် ဆုငွေကို ထိုင်းအာဏာပိုင်များက မူလကထက် သုံးဆ အထိမြင့်တင်လိုက်ပြီး အမေရိကန်ဒေါ်လာ ၈၅,၀၀၀ပေးမည်ဟု ကမ်းလှမ်းလိုက်သည်။

စုံစမ်းစစ်ဆေးမှုများ တိုးတက်မှုရရှိနေပြီဟု အစိုးရက ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်အချက်အလက်များပေးရန် ငြင်းဆိုခဲ့သကဲ့သို့ သြဂုတ် ၁၇က ဘန်ကောက်ရှိ ကမ္ဘာလှည့်ခရီးသည် အနှစ်သက် ဆုံးနေရာတစ်ခုကို ဗုံးခွဲတိုက်ခိုက်သူကို သိရှိရေး နီးစပ်လာပြီဆိုသည့် အထောက်အထားပေးရန်ကိုမူ ငြင်းဆိုနေဆဲဖြစ်သည်။ အေရာဝန်ဟိန္ဒူဘုရားကျောင်း ဗုံးပေါက်ကွဲမှုတွင် လူ ၂၂ ဦးသေဆုံးခဲ့ပြီး ၎င်းတို့အနက် ၁၄ ဦးမှာ နိုင်ငံခြားသားများဖြစ်ကာ ခုနှစ်ဦးမှာ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့မှဖြစ်သည်ဟု သိရသည်။

တစ်ခုတည်းသော ခိုင်မာသည့် အထောက်အထားမှာ အဓိကမသင်္ကာသူကို အစက်အပျောက်များဖြင့် ကြည်လင်ပြတ်သားမှုအားနည်းသော လုံခြုံရေးကင်မရာမှ တွေ့မြင်ရခြင်းဖြစ်ပြီး အဆိုပါမသင်္ကာသူမှာ အဝါရောင်ရှပ်အင်္ကျီဝတ်ထားသော ဆံပင်စုတ်ဖွားနှင့် လူငယ်တစ်ဦးဖြစ်သည်။ ၎င်းလူငယ်က ကျောပိုးအိတ်တစ်လုံးဖြင့် မြင်ကွင်းမှ ထွက်သွားခဲ့သည်။

ဗီဒီယိုက ထုတ်လွှင့်မှုတွင် နောက်ဆုံးတွေ့မြင်မှုအရ မော်တော်ဆိုင်ကယ်တက္ကစီတစ်စင်း၏နောက်မှ ညအချိန်အတွင်း ပျောက်ကွယ်သွားသူမှာ နိုင်ငံခြားသား သို့မဟုတ်နိုင်ငံခြားသားယောင်ဆောင် ထားသော ထိုင်းအမျိုးသားတစ်ဦးဖြစ်နိုင်သည်ဟု အရာရှိများက ခန့်မှန်းထားသည်။

ဗုံးခွဲတိုက်ခိုက်မှုမှာ နိုင်ငံတကာအကြမ်းဖက်ကွန်ရက်တစ်ခုနှင့် ချိတ်ဆက်မှုရှိနိုင်သည်ဆိုသည့် မူလက ခန့်မှန်းချက်ကို ယခုအခါ ဘေးဖယ်ထားလိုက်ပြီဖြစ်သည်။

ယခုဗုံးခွဲခံရသည့် ဟိန္ဒိူဘုရားကျောင်းကို တရုတ်နိုင်ငံမှ ခရီးသည်များက အထူးနှစ်သက်ကြသည်။ ဗုံးခွဲမှုမှာ တရုတ်ခရီးသည်များကို ပစ်မှတ်ထားသည်ဟု မယုံကြည်ကြောင်း ထိုင်းအစိုးရကပြောကြားထား သည်။

စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို မန်ဒရင်တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာနှစ်မျိုးဖြင့် ထုတ်လွှင့်ပေးခဲ့သည်။ ယခုအခါ စီစီတီဗွီမှ တွေ့မြင်မှုအရ အနက်ရောင်နှင့် အမျိုးသမီး တစ်ဦးကိုလည်း ရဲတပ်ဖွဲ့က သံသယဝင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly