လိုက်ဘေးရီးယား သမ္မတသစ်ဖြစ်လာတဲ့ ဘလွန်ဒီအော်ဆုရှင်နှင့် အေစီမီလန် ဂန္ထဝင်ကစားသမား ဂျော့ချ်ဝီယာ

လိုက်ဘေးရီးယား သမ္မတသစ်ဖြစ်လာတဲ့ ဘလွန်ဒီအော်ဆုရှင်နှင့် အေစီမီလန် ဂန္ထဝင်ကစားသမား ဂျော့ချ်ဝီယာ
(ဓာတ်ပုံ - အီးပီအေ)

အာဖရိကတိုက်ရဲ့ ဘလွန်ဒီအော်ဆုကို ပထမဆုံး ဆွတ်ခူးခဲ့သူ အေစီမီလန်၊ မန်စီးတီး၊ ချယ်လ်ဆီးအသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ဂျော့ချ်ဝီယာဟာ လိုင်ဘေးရီးယားနိုင်ငံရဲ့ သမ္မတသစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး အယ်လန်ဂျွန်ဆင် ဆာလစ်ရဲ့ သမ္မတရာထူးကို ဆက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။

၁၉၉၅ ဖီဖာ ဘလွန်ဒီအော်ဆုရှင်နှင့် အာဖရိက တစ်နှစ်အကောင်းဆုံ ကစားသမား ၃ ကြိမ်ရ ဂျော့ချ်ဝီယာဟာ ရွေးကောက်ပွဲမှာ ပြိုင်ဘက်အဖြစ် လက်ရှိ ဒုသမ္မတ ဂျော်ဆပ် ဘိုခိုင် (၇၃ နှစ်)ကို မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး နိုင်ငံရဲ့ ၂၅ ဦးမြောက် သမ္မတဖြစ်လာပါတယ်။

ဂျော့ချ်ဝီယာက ရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း တွစ်တာပေါ် ကိုယ်တိုင် ကြေညာခဲ့ပါတယ်။

ဝီယာဟာ အာဖရိကတိုက်ရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်သူ အယ်လန်ဂျွန်ဆင် ဆာလစ်ရဲ့ နေရာကို ဆက်ခံမှာဖြစ်ပါတယ်။

သူဟာ ၂၀၀၅ ခုနှစ်က လိုက်ဘေးရီးယား သမ္မတရာထူးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အဲဒီအချိန်က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အယ်လန်ဂျွန်ဆင် ဆာလစ်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းကတော့ ဝီယာရဲ့ အားနည်းတဲ့ ပညာအရည်အချင်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၅၁ နှစ်အရွယ် ဝီယာဟာ ကစားသမားဘဝ တစ်လျှောက်မှာ မိုနာကို၊ ပီအက်စ်ဂျီ၊ အေစီမီလန်၊ ချယ်လ်ဆီး၊ မန်စီးတီးနှင့် မာဆေးလ်အသင်းတို့တွေမှာ ကစားပေးခဲ့ပါတယ်။

Ref; Goal, Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly