တင်ဒါခေါ်ယူမှု ပွင့်လင်းမြင်သာမှု မရှိဟု ဝေဖန်သဖြင့် ၆၆ ဃ ဖြင့် အမှုဖွင့်ခံရ

တင်ဒါခေါ်ယူမှု ပွင့်လင်းမြင်သာမှု မရှိဟု ဝေဖန်သဖြင့် ၆၆ ဃ ဖြင့် အမှုဖွင့်ခံရ
ဓာတ်ပုံ - အသစ်ဆောက်လုပ်မည့် တောင်ကုတ်မြို့နယ်က သုံးထပ်ဈေး (ဓာတ်ပုံ - ရခိုင်ပြည်နယ်အစိုးရအဖွဲ့)

 

စစ်တွေ၊ ဒီဇင်ဘာ ၂၆ ရက်။       ။ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၅ ခုတွင် ဆောက်လုပ်မည့် အဆင့်မြင့် သုံးထပ်စျေး တင်ဒါခေါ်ယူမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိဟု ဝေဖန်ခဲ့သူကို ပုဒ်မ ၆၆ ဃ ဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အမှုဖွင့်ထားကြောင်း စစ်တွေ မြို့မရဲစခန်းမှ သိရသည်။

 “သူ့ကို အစိုးရအဖွဲ့ကနေပြီးတော့ ၆၆ ဃ နှင့် အမှုဖွင့်ထားပါတယ်။ ဖမ်းတော့ မဖမ်းထားပါဘူး။ သူ့ကို မနေ့သွားပြီးတော့ စစ်ဆေးခဲ့တယ်။ တကယ်လို့ တရားစွဲမယ်ဆိုရင် ဥပဒေ အကြံပြုချက်ယူပြီးတော့ တရားစွဲသင့်တယ်ဆိုရင် အထက်ကို အဆင့်ဆင့် တင်ပြပြီးတော့ တရားစွဲဆိုသွားမှာပါ။ အခုတော့ အာမခံနှင့် လွှတ်ထားခဲ့ပါတယ်။” ဟု စစ်တွေမြို့မ အမှတ် (၁) ရဲစခန်း ဒုစခန်းမှူး ရဲအုပ်ဇော်မင်းက RiA သို့ ပြောသည်။

အမှုဖွင့်ခံရသူမှာ ဝတီရွှေမြေ ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးနှင်းထွန်းတိုး ဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ရ နာရီအချိန်တွင် ၎င်း၏ နေအိမ်သို့ ရဲတပ်ဖွဲ့မှ လာရောက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။

“ တင်ဒါခေါ်ယူတဲ့ စည်းကမ်းအရဆိုရင် တစ်လကြိုပြီး သတင်းထုတ်ပြန်ရမယ်။ ဒါပေမယ့် သူတို့က ထုတ်ပြန်ပြီး နောက်တစ်နေ့ ကျနော် သွားလျှောက်တော့ လျှောက်လွှာပိတ်လိုက်ပြီတဲ့။ အဲဒါကြောင့် ကျနော်က ဖေ့စဘုတ်ပေါ်မှာ ရေးပြီး ရှဲလိုက်တာပါ။” ဟု အမှုဖွင့်ခံရသူ ဦးနှင်းထွန်းတိုးက RiA သို့ ပြောသည်။

အဆိုပါအမှုကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်လတ်က တရားလိုလုပ် အမှုဖွင့်ခြင်း ဖြစ်ပြီး ၎င်းအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ခု မအားသေးဘူး။ အစည်းအဝေးလုပ်နေတယ်။ ခရီးလည်းသွားနေရတယ်။” ဟု ဖြေဆိုခဲ့ပြီး မည်သည့်အချိန်တွင် ပြန်လည်ဆက်သွယ်၍ ရနိုင်မည်ကို ဆက်လက်မေးမြန်းခဲ့သော်လည်း တယ်လီဖုန်းကို ချပစ်ခဲ့ပါသည်။

လက်ရှိအချိန်တွင် ဦးနှင်းထွန်းတိုးအား အာမခံဖြင့် လွှတ်ထားပြီး ရုံးတင်စစ်ဆေးမည့် ကိစ္စရပ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဥပဒေအကြံပြုချက်များကို ရယူလျက်ရှိသည်ဟု စစ်တွေမြို့မ အမှတ် (၁) ရဲစခန်း ဒုစခန်းမှူး ရဲအုပ်ဇော်မင်းက ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly