ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် တွေ့ဆုံမေးမြန်းခန်း (အပိုင်း ၂)

27 December 2017
ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် တွေ့ဆုံမေးမြန်းခန်း (အပိုင်း ၂)

 

မေး။   ။ ဝန်ကြီးချုပ်အနေနဲ့  NLD ပါတီအတွင်းမှာ တာဝန်ယူခဲ့တဲ့ အပိုင်းလေးတွေလည်း ပြောပြ ပေးပါဦးရှင့်။

ဖြေ။    ။ ကျွန်မတို့ NLD ပါတီမှာ တာဝန်ထမ်းဆောင်တဲ့ အပိုင်းမှာတုန်းကတော့ ဟိုအရင်က နိုင်ငံရေးလုပ်တယ်ဆိုတာ ကျွန်မတို့က လွှတ်တော်အမတ်တွေဆိုတာလည်း မြင်ခဲ့တာမဟုတ်ဘူး။ ဒီလိုပဲ လိုချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ လုပ်ခဲ့တာ အခုဝင်လာတဲ့အခါကျတော့ လွှတ်တော်အမတ်အနေနဲ့ ရွေးလိုက်တယ်။ အဲဒီအချိန်မှာ သူတို့က ၈၉ မှာ ကျွန်မကို တစ်ခေါက် ပြန်ဖမ်းလိုက်တယ်ပေါ့နော်။ ကျွန်မကို အလုပ်ကနေတော့ မထုတ်ပစ်ဘူး။ မထုတ်ပေမယ့်လည်း ကျွန်မက ထွက်လိုက်ပြီးတော့ တစ်ခုခုတော့ ငါ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်မယ်ဆိုပြီးတော့ ဝန်ထမ်းဆိုတဲ့နေရာမှာ သွားပြီးတော့ အလုပ်ရှုပ်နေမယ်ဆိုပြီးတော့ ကျမ အလုပ်ထွက်လိုက်တယ်။ ပြီးတော့ NLD က မဲဆန္ဒနယ် အမှတ် ၃ မှာ အရွေးချယ်ခံပါဆိုပြီးတော့ သူတို့က လာပြီးတော့ မေးတဲ့အချိန်မှာ စပြီးတော့ အရွေးချယ်ခံလိုက်တာပေါ့နော်။ အရွေးချယ်ခံတဲ့အခါမှာလည်း ကိုယ်က အလုပ်တစ်ခုကို လုပ်ပြီဆိုတဲ့နေရာမှာလည်း တော်တော်လေးကို ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ ပြောရင် အမျိုးသမီးတစ်ယောက်အနေနဲ့ ကရင်ပြည်နယ်တစ်ခုလုံးမှာ ကျမတစ်ယောက်တည်း ရှိပါတယ်။ ကိုယ်တစ်ယောက်တည်းရှိတယ်ဆိုတော့ ရာနှုန်းပြည့် နိုင်သွားတာပေါ့နော်။ နောက် နိုင်တဲ့အချိန်တုန်းကလည်း တောင်ပြိုကမ်းပြို ကျမက ရ၃ ရာခိုင်နှုန်းနဲ့ နိုင်တာပေါ့နော်။ အဲဒီလိုမျိုးလေးတော့ ရှိတာပေါ့။ အဲဒီတော့ အဲဒီအချိန်ကတည်းကနေ အခုချိန်ထိ အကြိမ်ကြိမ် ကျွန်မ ဖမ်းဆီးတာလည်းခံရတယ်။ ထောင်ကျတာလည်း ရှိတယ်ပေ့ါနော်။ ထောက်လှမ်းရေးက ဖမ်းသွားတာလည်းရှိတယ်။ ဒီနေ့လွတ်ရင် ဒီနေ့ ပါတီကို ကျွန်မ သတင်းပို့တာပဲ။ ပါတီတာဝန်ကို ချက်ခြင်း ထမ်းဆောင်ခဲ့တယ်။ အဲဒီလိုပဲ ကျွန်မ သစ္စာရှိတယ်ပဲပြောရမလား ကြိုးကြိုးစားစားနဲ့ပဲ ဆောင်ရွက်ခဲ့လို့ပဲလားမသိဘူး ဟိုတုန်းကတော့ ကျွန်မက ရိုးရိုး လွှတ်တော်ကိုယ်စားလှယ် နောက်ကျတော့ ကျွန်မ ပြည်နယ်ဥက္ကဋ္ဌပေါ့နော် အဲဒီကနေမှတစ်ဆင့် ကျွန်မတို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရွေးချယ်တဲ့ ကျမတို့ရဲ့ ဗဟိုအလုပ်မှုဆောင် ၁၅ ဦးထဲမှာ ကျွန်မ ကရင်ပြည်နယ်အနေနဲ့ ပါတာပေါ့နော်။

မေး။   ။ ဝန်ကြီးချုပ် နိုင်ငံရေးကို လွတ်လွတ်ကျွတ်ကျွတ် လုပ်နိုင်အောင် မိသားစုရဲ့ ပံံ့ပိုးမှုအနေနဲ့ရော ဘယ်လိုများ ပံ့ပိုးပေးခဲ့လဲ။ အားရော ပေးကြလား။

ဖြေ။    ။ မိသားစုပံ့ပိုးမှုက အရမ်းလိုတယ်။ ဘာလို့ အရမ်းလိုလဲဆိုတော့ တစ်ခါတစ်လေကျရင် ကိုယ်တစ်ယောက်တည်းထိုင်နေပြီးတော့ ဘာမှမလုပ်ချင်ဘူး။ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းနေပြီးတော့လည်း တွေးနေချင်တာပေါ့နော်။ အဲဒီအခါကျလို့ရှိရင် နင် ဘာမှမလုပ်ဘူး တစ်နေ့တည်း အဲဒီလို တစ်ယောက်ယောက်က စိတ်အနှောက်အယှက် ပေးလိုက်လို့ရှိရင် ဥပမာ ထမင်းမချက်ဘူးလားလို့ အဲဒီလိုမျိုး လာပြောလိုက်လို့ရှိရင် ကိုယ်က ထလုပ်ပေးရမှာပေါ့ ။ အဲလိုမရှိဘူး သူတို့က နားလည်မှုရှိတဲ့အပြင် ကိုယ့်အတွက်တောင်မှ ပြင်ဆင်ထားပေးတာပေါ့နော်။ အဲဒီလိုမျိုးပေါ့ မိသားစုက အန်တီ ထောင်ကျနေတုန်းကဆိုရင် ၁၅ ရက်ကို တစ်ခါ ကိုယ်ကြိုက်တတ်တဲ့ဟာလေးတွေ လာလာပေးတယ်။ အဲဒီတော့ စိတ်ခွန်အားက မိသားစုက ပံ့ပိုးပေးနေလို့ တစ်ခါမှ အိမ်ကလူတွေက ငြိုငြင်တယ်မရှိဘူး။ တစ်ခါတစ်လေကျရင်တော့ သူတို့က ပြောပါတယ်။ သိပ်ပင်ပန်းနေပြီ နားရင်နားလိုက်တော့လို့ ၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က အသက်အရွယ်ပိုင်းကလည်း ရနေပြီဆိုတော့ မြင်ရတဲ့လူကလည်း စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်တီက အချုပ်ခန်းထဲမှာ ဖျာစုတ်လေးနဲ့ အိပ်နေရတာဆိုတော့ ထမင်းလာပို့တဲ့ ညီမက မြင်တော့ စိတ်မကောင်းဘူး၊ မျက်ရည်ကျတာပေါ့နော်။ သူတို့ကတော့ အိမ်မှာ မွှေ့ယာနဲ့ ခေါင်းအုံးးနဲ့ အဲကွန်းနဲ့ အိပ်နေရတဲ့အချိန်မှာ ကိုယ်က အဲဒီလိုမျိုးနေရတော့ စိတ်မကောင်းဘူးပေါ့နော်။ နောက် အိမ်ထောင်ကျပြီးတော့လည်း အမျိုးသားက လာလို့ရှိရင် ထောင်ဝင်စာတစ်ခါလာတွေ့ပြီးလို့ ပြန်သွားရင် ထမင်းတောင် မစားနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြင်နေရတဲ့ မြင်ကွင်းကို ဒီ ထောင်ဝတ်စုံနဲ့ ဆံပင်တွေကလည်း ဖြူပေါ့၊ အဲဒီလိုမျိုးတွေ မြင်တဲ့အခါ သူတို့ စိတ်မကောင်းဘူးပေါ့။ အန်တီကလေ အိမ်မှာ အခု ဘယ်လိုဖြစ်နေလဲဆိုတော့ ကိုယ်ကတောင်မှ စိတ်တိုင်းကျပဲ အားလုံးထက်တောင်မှ အိမ်က အလိုလိုက်ခြင်းကို ခံရတယ်ပေါ့။ ကိုယ်ဖြစ်ချင်တဲ့ဟာလေးကို ဝို်င်းပြီးတော့ ဖြည့်ဆည်းပေးကြလို့လေ။ အဲဒီလိုမျိုးရှိလို့ အန်တီကလေ ဘယ်နေရာမှာပဲလုပ်လုပ် သတ္တိရှိတယ်။ သတ္တိရှိတယ်ဆိုတာက သူများကို ပြောတဲ့အခါမှာလည်း ကိုယ် ပြောရဲဆိုရဲ ရှိတယ်ပေါ့။ လုပ်လည်းလုပ်ရဲတယ်ပေါ့။ ဒီနေ့ထိ မိသားစုအတွက်ရော အိမ်မှာရှိတဲ့ အမျိုးသားအတွက်ရော အန်တီ ထမင်းဝိုင်းပြင်ပြီးတော့ ထမင်းကျွေးရတဲ့ရက်က လက်ငါးချောင်းတောင် မပြည့်ဘူးလို့ ထင်ပါတယ်။ အဲဒီတော့ သူတို့က နားလည်မှုရှိလို့ပေါ့နော်။ အဲဒီအတွက်ကြောင့်မို့ မိသားစုက အင်မတန်မှ အရေးကြီးပါတယ်။ အဓိက အားရှိတာကလည်း သူတို့ကြောင့်ပဲ အန်တီက အားရှိတာပေါ့နော်။

မေး။   ။ အရင်တုန်းကဆိုလို့ရှိရင် ဝန်ကြီးချုပ်တို့က ပါတီအနေနဲ့ အတိုက်အခံဘက်ကနေ ရှိနေတယ်ပေါ့နော်။ အခု အစိုးရ ဖြစ်လာတဲ့အခါကျတော့ ကိုယ်က အတိုက်အခံ ပြန်ခံရတာပေါ့နော် အဲဒီနှစ်ခုကြားမှာ ဝန်ကြီးချုပ်တို့အတွက် စိတ်ပိုင်းဆိုင်ရာ စသဖြင့်ပေါ့နော် အဓိက ကွာခြားသွားတာတွေ ဘာတွေရှိမလဲ စိန်ခေါ်မှု အပြောင်းအလဲတွေ ဘာတွေရှိလဲပေ့ါနော်။

ဖြေ။    ။ စိန်ခေါ်မှုအပြောင်းအလဲက ရှိတယ်။ အရင်တုန်းက အန်တီတို့နဲ့ အတိုက်အခံအဖွဲ့တွေက အခုကျတော့ ဘာဖြစ်လာလဲဆိုတော့ ကိုယ့်ထဲမှာ ကိုယ့်ကို အားပေးတဲ့လူတွေကိုက အားမရပြီးတော့ ကိုယ့်ကို ပြန်ပြီးတော့ အတိုက်အခံ လုပ်နေတာတွေရှိတယ်။ အဲဒီအခါကျတော့ တစ်ခါတစ်လေကျရင် စိတ်ပိုင်းဆိုင်ရာကျတော့ စိတ်ဓာတ်ကျသလို ခံစားရတယ်။ ဘာဖြစ်လို့စိတ်ဓာတ်ကျလဲဆိုတော့ ဒီအချိန်မှာ အပြောင်းအလဲတစ်ခုက အရမ်းခက်တာ။ စဉ်းစားကြည့်ပါ ဒါ အင်မတန််မှ ခက်ခဲတဲ့ ကာလတစ်ခုကို ဆောင်ရွက်နေရတာပါ။ အဲဒီတော့ တို့နဲ့ အတူတူ လုပ်ခဲ့တဲ့လူတွေက တို့အပေါ် နားလည်မှု မရှိပါလား နားလည်မှုရှိလို့ရှိရင်၊ ဒါ ကျမတို့အတွက် အားပေါ့။ ကျမတို့က အခက်အခဲ တော်တော်များများကို ဖြတ်နေရတာပါ။ ထင်ထားတဲ့ဟာတွေနဲ့ တလွဲစီဖြစ်နေတာတွေက အများကြီးပါပဲ။ တချို့ဟာတွေကျတော့ စိတ်ကသာရှိတာ တကယ်တမ်းကျတော့ အတားအဆီးတွေက အများကြီးပဲ။ အဖျက်အဆီးတွေ အများကြီးပဲ။ အဲဒီလိုထဲမှာမှ ကိုယ့်လူတွေကပါ ကိုယ့်အပေါ် နားလည်မှုမရှိပဲနဲ့ အရင်တုန်းက ကိုယ်တွေက အတိုက်အခံလုပ်ရတာက ဒီလောက်မဟုတ်ဘူး။ ဒီထဲကလူတွေက တစ်ခါတည်း ပြန်ပြီးတော့ သူတို့မျက်စိထဲမှာ အမြင်တွေက ဘယ်လိုမြင်ကြလဲဆိုတော့ အခု ကျမ ဝန်ကြီးချုပ်ဖြစ်သွားပြီဆိုတော့ ကောင်းစားသွားပြီလို့ မြင်ကြတယ်။ အမှန်တော့ ကျမတို့က ကောင်းစားသွားတာမဟုတ်ဘူး။ ကျမတို့က တကယ် အခုမှ ခေါင်းနဲ့ လိုက်ပြီးတော့ တိုက်နေရတာ။ အရှေ့ကနေ ပြန်ပြီးတော့ ရင်ဆိုင်ပေးနေရတာ။ ဟိုတုနု်းကတော့ ကျမတို့က ရင်ဆိုင်တာကတော့ ရင်ဆိုင်ရတယ် ဒါပေမယ့် ရင်ဆိုင်ရတာချင်းက တစ်မျိုးပေါ့။ အခုရင်ဆိုင်ရတာက တစ်မျိုး မတူပါဘူး ကွာခြားတယ်။

မေး။   ။ အခုနောက်ဆုံးအနေနဲ့ ဝန်ကြီးချုပ်ရဲ့ ကရင်ပြည်နယ်ကြီးကို အနာဂါတ်မှာ ဘယ်လိုပုံစံ မြင်ချင်လဲပေါ့နော်။  ကရင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့မှ ဝန်ကြီးချုပ်ရဲ့ အိမ်မက်ပေါ့။

ဖြေ။    ။ အနာဂါတ် အိပ်မက်က ဟိုနှစ်ပေါင်းများစွာကတည်းက ကျမတို့က အိပ်မက်ခဲ့တာ။ အေးချမ်းပြီးတော့ သာယာဝပြောနေတာပေါ့နော်။ ကရင်ပြည်နယ်မှာ လူတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးနေတယ၊် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားလာနေတာတွေ ဟိုတုန်းကဆိုလို့ရှိရင် ဗုံးသံကြားလို့ရှိရင် လူတောင်မပြောနဲ့ ခွေးတောင် ဗုံးကျင်းထဲကို ဝင်ပြေးရမယ်ဆိုတာ သိနေတာ။ ဟိုတုန်းက အခြေအနေက တော်တော်ဆိုးတယ်။ အဲဒီလိုမျိုးတွေမရှိပဲနဲ့ သူများတွေလိုပဲ သူများသားသမီးတွေလိုပဲ ကိုယ့်သားသမီးတွေကိုလည်း လွတ်လွတ်လပ်လပ် သွားလာ လုပ်ကိုင်နေတာတွေကို ဖြစ်စေချင်တာပေါ့နော်။ အဲဒီလိုမျိုး ဖြစ်ဖို့အတွက်ကို အခြေခံ အုတ်မြစ်လေးက ချပေးဖို့က ငါ့မှာတာဝန်ရှိတယ်လို့ ဘာဖြစ်လို့လဲဆိုတော့ ဒီ အပြောင်းအလဲ ကာလလေးမှာ ရှေ့ဆက်ပြီးတော့ မလုုပ်နိုင်ရင်တောင်မှ အုတ်မြစ်လေး ချပေးသွားချင်တာပေါ့နော်။ အဲဒီတော့ ဒီအပေါ်မှာ နောက် လျှောက်တဲ့လူတွေက သက်သာသွားတာပေါ့။ အခုလို ကျောက်မီးသွေးကို အပြောအဆိုခံပြီးတော့ ကြိုးစားပြီးတော့ ဆောင်ရွက်ပေးနေတယ်။ ဒီ လျှပ်စစ်မီး ရှိသွားရင် နောက် တဖြည်းဖြညး်နဲ့ ကျမတို့ပြည်နယ်ကို ဆက်လုပ်မယ့်သူတွေလည်း အများကြီး အဆင်ပြေသွားမယ်ပေါ့နော်။ အဲဒီတော့ ကျမကတော့ ဒီပြည်နယ်အတွက် အေးအေးချမ်းချမ်းဖြစ်ဖို့အတွက် ငါကတော့ ရှေ့ဆက် အနစ်နာခံပြီးတော့ ဒီမှာ ကြိုးစားဆောင်ရွက်ပေးရမှာပဲလို့ ခံယူထားပါတယ်။ အေးချမ်းလို့ရှိရင် ကျန်တဲ့ဟာတွေက ဖြစ်လာမှာပါ။ အဓိက ငြိမ်းချမ်းရေးပဲလေ။ ငြိမ်းချမ်းရေးပြီးရင် ကျန်တဲ့ဟာတွေကို ဆက်တိုက်ဆက်တိုက် လုပ်သွားလို့ရတယ်။ ငြိမ်းချမ်းရေးမရှိပဲ ဘယ်လောက်ပဲ လုပ်ချင်လုပ်ချင် အလုပ်မဖြစ်ပါဘူး။

မေး။   ။ ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။    ။

အင်တာဗျူး အပိုင်း( ၁) အပြည့်အစုံ - http://www.mizzimaburmese.com/article/35470

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly