ကိုဆိုဗို ဝန်ကြီးချုပ်က အဝတ်အစားဖိုးအဖြစ် လစာနှစ်ဆ တိုးယူရသည် ပြော၍ ဆန့်ကျင်ဆန္ဒပြ

ကိုဆိုဗို ဝန်ကြီးချုပ်က အဝတ်အစားဖိုးအဖြစ် လစာနှစ်ဆ တိုးယူရသည် ပြော၍ ဆန့်ကျင်ဆန္ဒပြ

 

 

ပရီစတီနာ၊ ဒီဇင်ဘာ ၂၇ ။           ။ ကိုဆိုဗို ဝန်ကြီးချုပ်က ရာထူးတာဝန်၏ အစိတ်အပိုင်းအဖြစ် စမတ်ကျကျ ဝတ်စားရမည် ပြောလျက် ၎င်း၏ လစာကို လစာတိုးယူခြင်းက မျှတသည် ဆိုလိုက်ပြီးနောက် ဒီဇင်ဘာ ၂၆ ရက်တွင် ကန့်ကွက်ဆန့်ကျင်မှုများ ပြသသည့်အနေဖြင့် စိတ်ဆိုးဒေါသထွက်သော ပြည်သူများက အစိုးရရုံးချုပ်၏ ဝင်းခြံစည်းရိုးများတွင် နက်ကတိုင်လည်စည်းများ ရာပေါင်းများစွာ လာရောက်ချည်နှောင်ထားကြကာ ဆန္ဒပြသခဲ့ကြသည်။

ဝန်ကြီးချုပ် ရာမတ်ရှ်ဟာရာဒီနက်ဂ်အား ရှုတ်ချသည့် သဘောဖြင့် အရောင်စုံ၊ ဒီဇိုင်းစုံ နက်ကတိုင်ပေါင်း ၃၀၀ ကျော်ထက်မနည်းအပြင် ကြောင်ကြောင်ကျားကျား ရှပ်အင်္ကျီများကိုပါ လာရောက် ချည်နှောင်ထားကြခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်က ၎င်း၏ လစာကို တစ်လလျှင် ယူရိုငွေ ၁၅၀၀ မှ ၃၀၀၀ (အမေရိကန်ဒေါ်လာ ၃၅၀၀ ) အထိ တိုးမြှင့်ယူလိုက်ပြီးနောက် ယခုကဲ့သို့ ဆန့်ကျင်မှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

ကိုဆိုဗိုတွင် အလုပ်လက်မဲ့နှုန်းထားနှင့် ဆင်းရဲမွဲတေမှု နှုန်းထားသည် ၃၀ ရာခိုင်နှုန်း အထက်တွင် ရှိနေသည်။

ထိုသို့ လစာတိုးမြှင့်ယူရခြင်းကို ကာကွယ်သည့်အနေဖြင့် ပြီးခဲ့သည့်သီတင်းပတ်က အင်တာဗျူးတစ်ရပ်တွင် ဝန်ကြီးချုပ်က “ကျွန်တော်မှာ နက်ကတိုင်လည်စည်းကိုလည်း မလွှဲမရှောင်သာ စည်းရတယ်။ အဝတ်ဟောင်းနဲ့ အပြင်ထွက်လို့လည်း မဖြစ်နိုင်ဘူး။ ဒါကြောင့် ရှပ်အင်္ကျီတစ်ထည်တော့ ရှိရမယ်လေ။”ဟု ဖာဖာထေးထေး ပြောခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း Beyond The Wall တက်ကြွလှုပ်ရှားသည့်အဖွဲ့က ဒီဇင်ဘာ ၂၆ ရက်တွင် ယင်းသို့အပြောကို ကန့်ကွက်လျက် အစိုးရရုံးချုပ် ခြံစည်းရိုးတွင် နက်ကတိုင်လည်စည်းများ စုဆောင်းကောက်ယူကာ လာရောက်ချည်ထားခဲ့ကြခြင်း ဖြစ်သည်။

“ဝန်ကြီးချုပ် ဟာရာဒီနက်ဂ်အနေနဲ့ လည်စည်းနက်ကတိုင် တစ်ခုတောင် မရှိကြတဲ့ ပြည်သူတွေကို ကိုယ်စားပြုနေရသူဆိုတာ မမေ့သင့်ဘူး။ ဒါပေမယ့် ဝန်ကြီးချုပ်ဟာ ဆင်းရဲမှု ပြဿနာကို ရင်ဆိုင်နေရတယ်။”ဟု အဆိုပါအဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly