အိုင်အက်စ်နှင့် ဆက်နွယ်သည်ဟု သံသယရှိသူ ၁၀ ဦးကို မလေးရှား ရဲတပ်ဖွဲ့ဖမ်းဆီး

အိုင်အက်စ်နှင့် ဆက်နွယ်သည်ဟု သံသယရှိသူ ၁၀ ဦးကို မလေးရှား ရဲတပ်ဖွဲ့ဖမ်းဆီး

ကွာလမ်လာပူ၊ သြဂုတ် ၂၁ ။       ။ အိုင်အက်စ်စစ်သွေးကြွအဖွဲ့နှင့် သံသယဖြစ်ဖွယ်ချိတ်ဆက်မှုများကို အားပေးကာ မလေးရှားတွင် တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်မှုဖြင့် မလေးရှားလူမျိုး ၁၀ ဦးကို ဖမ်းဆီးလိုက်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါ၁၀ဦးသည် နိုင်ငံတွင် တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်မှု၊ မလေးရှားလူမျိုးများ အိုင်အက်စ်သို့ဝင်ရောက်နိုင်ရန် ထောက်ပံ့စီစဉ်ပေးမှုတို့ ပြုလုပ်ခဲ့သည်ဟု မလေးရှား အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ခါလစ်အဘူဘာကာက သြဂုတ် ၂၀ ရက်နေ့နောက်ပိုင်းက ပြောကြားခဲ့သည်။ မည်သို့တိုက်ခိုက်ရန်ကြံစည်မှုတို့နှင့် ပတ်သက်၍မူ ၎င်းက အသေးစိတ်မပြောကြားခဲ့ပေ။

ဖမ်းဆီးခံရသူ ၁၀ ဦးတွင် ရှစ်ဦးမှာ အမျိုးသားများဖြစ်ပြီး နှစ်ဦးမှာ အမျိုးသမီးများဖြစ်ကာ အသက်အားဖြင့် ၂၄ နှစ်မှ ၄၂နှစ်အထိရှိကြောင်းသိရသည်။ ၎င်းတို့အား သြဂုတ် ၁၉ က နေရာအသီးသီးမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တရားဝင်ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

ဖမ်းဆီးထားသူ ၁၀ ဦးတွင် မူလတန်းပြဆရာတစ်ဦး၊အိမ်တွင်းဒီဇိုင်နာဟောင်းတစ်ဦးနှင့် အရပ်ဘက်အစိုးရဝန်ထမ်းနှစ်ဦးတို့ပါဝင်ပြီး ကျန် ခြောက်ဦးမှာ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

မလေးရှားလူမျိုးဒါဇင်ပေါင်းများစွာသည် ပြည်တွင်းစစ်တွင် ပါဝင်တိုက်ခိုက်ရန် ဆီးရီးယားသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။ ထို့အပြင် တိုက်ခိုက်မှုပြုလုပ်ရန် အိမ်သို့ပြန်လာသည့် အစွန်းရောက်ဝါဒီများနှင့် ပတ်သက်၍လည်း သတိပေးထားသည်။ လွန်ခဲ့သည့်နှစ်အတွင်း အိုင်အက်စ်ကို အားပေးသည်ဟု သံသယရှိသူ များစွာကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

သို့သော်လည်း အာဏာပိုင်များသည် ဖမ်းဆီးမှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မျှဝေရန် သို့မဟုတ် အကြမ်းဖက်ခြိမ်းခြောက်မှုများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက် များပေးရန် ဆန္ဒမရှိဟု အတိုက်အခံဥပဒေပြုအမတ်များက ဝေဖန်လျက်ရှိသည်။ အိုင်အက်စ်နှင့် ချိတ်ဆက်မှုများရှိနေသည်ဟု သံသယရှိသူများ သို့မဟုတ် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့သို့ ခရီးသွား ရန်ကြိုးစားနေသည်ဟု သံသယရှိသူ ၁၀၈ ဦးကို အာဏာပိုင်များက ဖမ်းဆီးထားကြောင်း အကြမ်းဖက်တိုက်ဖျက်ရေးအကြီးတန်းအရာရှိ အေယော့ခန်မိုင်ဒင်ပစ်ချေးက အေအက်ဖ်ပီသို့ ဇွန်လကပြောကြား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly