ဖိလစ်ပိုင်တွင် မွှေနှောက်ခဲ့သည့် တမ်ဘင်းမုန်တိုင်း ဗီယက်နမ်သို့ ဦးတည်မည် မကျိန်းသေ

ဖိလစ်ပိုင်တွင် မွှေနှောက်ခဲ့သည့် တမ်ဘင်းမုန်တိုင်း ဗီယက်နမ်သို့ ဦးတည်မည် မကျိန်းသေ

 

မနီလာ၊ ဒီဇင်ဘာ ၂၆ ။                   ။ ဖိလစ်ပိုင်တွင် မွှေနှောက်တိုက်ခိုက်ခဲ့ပြီး သေဆုံးပျက်စီးမှုများစွာ ချန်ထားရစ်သည့် အင်အားပြင်း တမ်ဘင်းမုန်တိုင်းသည် ဒီဇင်ဘာ ၂၆ ရက်တွင် အပူပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားကာ ဗီယက်နမ်သို့ ဝင်ရောက်ရန် ဦးတည်ရွှေ့လျားနေသည်ဟု သတင်းတစ်ရပ်က ဖော်ပြသည်။

ဗီယက်နမ်တောင်ပိုင်းသို့ ယနေညပိုင်းတွင် တမ်ဘင်းမုန်တိုင်း ကျရောက်မည် ခန့်မှန်းကာ အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်ထားပြီး မြေနိမ့်ဒေသများတွင် ပြည်သူပေါင်း ရ၀၀၀ ကျော်ထက်မနည်းကို ဘေးကင်းရာ ရွှေ့ပြောင်းပေးထားပြီး အခြားတစ်သန်းကျော်ကို ရွှေ့ပြောင်းပေးရန် အသင့်ပြင်ထားကြောင်း ABC သတင်းက ဖော်ပြသည်။

သို့သော် AP သတင်းတစ်ရပ်တွင် ယင်းမုန်တိုင်းက ဗီယက်နမ်သို့ မဦးတည်ဘဲ ဒီဇင်ဘာ ၂၆ ရက် နှောင်းပို်င်းတွင် ထိုင်းပင်လယ်ကွေ့တွင် အားပျော့ကွယ်ပျောက်သွားမည်ဟု ခန့်မှန်းကြောင်း ဖော်ပြထားသည်။

ဖိလစ်ပိုင်တွင် ယင်းမုန်တိုင်းဝင်ရောက်တို်က်ခတ်ခဲ့ရာတွင် ရေကြီးမှုများ၊ ရေပြိုမှုများ ဖြစ်ပွားခြင်းကြောင့် လူပေါင်း အနည်းဆုံး ၁၆၄ ဦး သေဆုံးပြီး အခြား ၁၇၁ ဦး ပျောက်ဆုံးနေကြောင်း အစိုးရ သဘာဝဘေးတုံ့ပြန်မှု အေဂျင်စီမှ တာဝန်ရှိ ရိုမီနာက ပြောသည်။

ဒီဇင်ဘာ ၂၅ ရက်အထိ ဖိလစ်ပိုင်တောင်ပိုင်းတွင် ကယ်ဆယ်ရေးစခန်းပေါင်း ၂၆၁ ခု ဖွင့်လှစ်ထားကာ လူပေါင်း ၉၇၀၀၀ ကျော် ခိုလှုံရောက်ရှိနေသည်။ ၈၅၀၀၀ နီးပါးမှာလည်း နေရပ်ရွှေ့ပြောင်းနေရပြီး သင့်ရာတွင် အခြေစိုက်နေနေရဆဲဖြစ်ကြောင်း အမျိုးသားသဘာဝဘေး လျော့ပါးရေးနှင့် စီမံခန့်ခွဲမှု ကောင်စီက ထုတ်ပြန်သည်။

မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးအဖြစ် လာနာအိုနော့တီပြည်နယ်နှင့် ဇမ်ဘိုအန်ဂါကျွန်းတို့တွင် ရင်ဆိုင်ကြံုတွေ့ခဲ့သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly