YBS မှတ်တိုင်များကို အကြီးစားပြန်လည်ပြုပြင်မည်ဖြစ်ပြီး ဖျက်ဆီးပါက အရေးယူမည်

YBS မှတ်တိုင်များကို အကြီးစားပြန်လည်ပြုပြင်မည်ဖြစ်ပြီး ဖျက်ဆီးပါက အရေးယူမည်
ဓာတ်ပုံ - ဇေယျာမော်

 

ရန်ကုန်၊စက်တင်ဘာ၂၆ ။            ။ YBS ကားမှတ်တိုင်များကို အကြီးစားပြန်လည်ပြုပြင်သွားရန်ရှိပြီး မှတ်တိုင်များကို ဖျက်ဆီးပါက အရေးယူ သွားမည် ဟု YBS အမှုဆောင်အရာရှိချုပ် ဦးစောဘိုဘိုက ပြောသည်။

"အခုတော့ကျွန်တော်တို့မှတ်တိုင်တွေကို အကြီးစားပြန်လည်ပြုပြင်ရေးဆိုတာ ဆောင်ရွက်ဖို့ရှိပါတယ်။ တပြိုင်နက်တည်းမှာပဲ မှတ်တိုင်တွေကို ယာဉ်ရပ်ဖို့အဝါလိုင်းတွေကို ပြန်လည်ရေးဆွဲဖို့ရယ် မှတ်တိုင်နဲ့ ဆိုင်းဘုတ်တွေကို ပြန်လည်ပြင်ဆင်ဖို့ရယ်ဆိုပြီးတော့ ကျွန်တော်တို့ စီစဉ်နေတာ ရှိပါတယ်"ဟု YBS အမှုဆောင်အရာရှိချုပ် ဦးစောဘိုဘိုက ပြောသည်။

ထို့ပြင် YBS ကားမှတ်တိုင် ၃ပုံ ၁ပုံကို အဆင့်မြှင့်တင်ရန်နှင့် ပြုပြင်ရန်အတွက် ကုမ္ပဏီနှစ်ခုကို အပ်နှံထားပြီး မှတ်တိုင်များကို ဖျက်ဆီးမှုများရှိပါက အရေးယူသွားမည်ဟုလည်း သိရသည်။

"ကျွန်တော်တို့ဘက်ကတော့ ဒီကနေပြီး အင်ဖော်မေးရှင်း ရထားတာရှိရင် အရေးယူဆောင်ရွက်ဖို့ရှိပါတယ်။  ဆက်လက်ပြီးတော့လည်း ဒါကိုစနစ်တကျစောင့်ကြည့်ပြီးတော့ လုပ်ဆောင်သွားဖို့ရှိပါတယ်"ဟု ဦးစောဘိုဘိုက ပြောသည်။

သို့ရာတွင် YBS မစတင်ခင် ဇန်နဝါရီလဆန်းအတွင်း ဘတ်စ်ကားလမ်းညွှန်ဆိုင်းဘုတ်များ အသစ် ပြောင်းလဲ တပ်ဆင်ခဲ့ ပြီးနောက် ဆိုင်းဘုတ်ဖျက်ဆီးသူများအား   ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် အရေးယူမှုများ ရှိခဲ့သော်လည်း လက်ရှိ တစ်နှစ်ခန့် သက်တမ်းအတွင်း YBS မှတ်တိုင်အများစုမှာ ပျက်စီး ကျိုးပဲ့မှုများ ဖြစ်ပေါ်နေပြီး အရေးယူဆောင်ရွက်မှု နည်းပါးနေကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် နှစ်ဆန်း ဇန်နဝါရီ ၁၅ ရက်နေ့၌ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ ဗိုလ်ချုပ်မှတ်တိုင်တွင် စိုက်ထူထား သည့် YBS လမ်းညွှန်ဆိုင်းဘုတ် ဖျက်ဆီးသူ(၃)ဦးအား ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အရေးယူဆောင်ရွက်ခဲ့သည်။

YBS စတင်သည့် ဇန်နဝါရီ၁၆ ရက်ည၌ ပြည်ထောင်စုလမ်းမပေါ်ရှိ ဧရာဝတီဘဏ်အနီးမှ မှတ်တိုင်ဆိုင်းဘုတ်ကို ဘူးလက်ဂျာနယ်မှ သတင်းထောက်ဟောင်း ကိုဝင်းဦးက ဖျက်ဆီးခဲ့သဖြင့်   အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly