လွှတ်တော်ကို ဒရုန်းနဲ့ရိုက်ကူးဖို့ ကြိုးပမ်းသူတွေကို စွဲထားတဲ့အမှုတွေ ပြန်လည်ရုပ်သိမ်း

လွှတ်တော်ကို ဒရုန်းနဲ့ရိုက်ကူးဖို့ ကြိုးပမ်းသူတွေကို စွဲထားတဲ့အမှုတွေ ပြန်လည်ရုပ်သိမ်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ နေပြည်တော်လွှတ်တော်ကို ဒရုန်းဖြင့် ရိုက်ကူးရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံထားရသူ (၄)ဦးကို စွဲဆိုထားသည့်အမှုများကို ပြန်လည်ရုပ်သိမ်းခွင့်ပြုရန် တရားလိုဘက်က ယနေ့ရုံးချိန်းတွင် လျှောက်ထားလိုက်သည်။

ဖမ်းဆီးခံထားရသူများ၏ လုပ်ဆောင်ချက်သည် “နိုင်ငံတော်၏ လုံခြံုရေးကို ထိခိုက်စေမည့် ရည်ရွယ်ချက် မတွေ့ရှိရ၍ လည်းကောင်း၊ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG တို့နှင့်ပတ်သက်၍ နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှု၍လည်းကောင်း အမှုအား ရုပ်သိမ်းခွင့်ပြုပါရန်” ဟု တရားလိုဖြစ်သူ ရဲအုပ်ထွန်းထွန်းဝင်းက ၎င်းစွဲဆိုထားသည့် ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ(၈)အမှုနှင့်ပတ်သက်၍ ယနေ့ တရားခွင်တွင် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူးရုံးက အမှုအား ပြန်လည်ရုပ်သိမ်းခွင့်လျှောက်ထားရန် ယနေ့နံနက်ပိုင်းတွင် တယ်လီဖုန်းဖြင့် ညွှန်ကြားလာခြင်းလည်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

အလားတူ နိုင်ငံခြားသားနှစ်ဦးကို စွဲဆိုထားသည့် လဝကဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် စွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍လည်း တရားလိုဖြစ်သူ မြို့နယ်လဝက ဒုဦးစီးမှူးကလည်း ယနေ့တွင်ပင် အမှုကိုရုပ်သိမ်းခွင့်လျှောက်ထားရန် စီစဉ်နေပြီဟုလည်း နေပြည်တော်အမှတ်(၅)စခန်းမှူးဖြစ်သူ ရဲအုပ်ထွန်းထွန်းဝင်းက ဆိုသည်။

တရားရုံး၏ လုပ်ထုံးလုပ်နည်းအရ အဆိုပါ လျှောက်ထားချက်များအပေါ် လာမည့် ၂၈ရက်နေ့တွင် အမှုကို ရုပ်သိမ်းသည့်အမိန့် ချမှတ်မည်ဟု ဇဗ္ဗူသီရိမြို့နယ်တရားသူကြီး ဦးဇော်ဝင်းထူးက ဆုံးဖြတ်ချက်သည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ လေးဦးစလုံးကို မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေ ပုဒ်မ(၁၀)ဖြင့် ထောင်ဒဏ်(၂)လစီ ကျခံရန် တရားရုံးက ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ရက်က အမိန့်ချမှတ်ထားသည့်အတွက် လာမည့် ဇန်နဝါရီလ ၉ရက်တွင် ၂လပြည့်မြောက်မည် ဖြစ်သည်။

သို့သော် ထောင်ပိုင်၏ လျှော့ရက်အဖြစ် ၄ရက် ရရှိထားသည့်အတွက် လာမည့် ဇန်နဝါရီလ ၅ရက်တွင် လေးဦးစလုံး ပြန်လည်လွတ်မြောက်ကြတော့မည်ဖြစ်သည်။

"အရင်အမှုအတွက်က ရှိနေသေးတဲ့အတွက်ကြောင့် ဇန်နဝါရီ ၅ ရက်နေ့တော့ သေခြာပေါက်လွတ်ကြမယ်ပေါ့။ ဒါပေမယ့် လွတ်လပ်ရေးလျှော့ရက်ရှိရင်တော့လည်း ၃ ရက်နေ့လွတ်ချင်လွတ်မှာပေါ့ဗျာ" ဟု ကိုအောင်နိုင်စိုးနှင့် ဦးလှတင်အတွက် အမှုလိုက်ပေးသည့် ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောသည်။

တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG တို့နှင့်အတူ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်း ဦးလှတင်တို့ စုစုပေါင်း (၄)ဦးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ရက်က နေပြည်တော်ရှိ လွှတ်တော်အနီးတွင် ဒရုန်းလွတ်တင်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags