ရခိုင်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသော်လည်း လူထုတွေ့ဆုံပွဲ ပြုလုပ်မည်

ရခိုင်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသော်လည်း လူထုတွေ့ဆုံပွဲ ပြုလုပ်မည်
ဓာတ်ပုံ - RiA

 

စစ်တွေ၊ ဒီဇင်ဘာ ၂၆ ရက်။                     ။ ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့် မရသော်လည်း လူထုတွေ့ဆုံပွဲကို ပြုလုပ်သွားမည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက RiA သို့ ပြောသည်။

“ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကတော့ ကျင်းပခွင့်မရပါဘူး။ ဒါပေမယ့် တွေ့ဆုံပွဲတွေ ပြုလုပ်သွားပြီး ပင်လုံအပေါ် ရခိုင်လူထုဆီကနေ သဘောထားမှတ်ချက်များကို ကောက်ယူသွားမှာပါ။ သဘောထားကောက်ယူ သွားမယ်ဆိုတာက တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ဆွေးနွေးထားတဲ့ အချက်တွေ ရှိတယ်။ ဒီအချက်တွေအပေါ် ရခိုင်လူထုက ဘယ်လိုသဘောထားရှိသလဲဆိုတာကိုပေါ့။”

အဆိုပါ လူထုတွေ့ဆုံပွဲကို လာမည့် ဇန်နဝါရီလဆန်းတွင် ကျင်းပပြုလုပ်နိုင်ရန် ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ပြုလုပ်ရဦးမည်ဖြစ်ပြီး ယင်း အစည်းဝေးကို လာမည့် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပနိုင်ဖွယ်ရှိသည်ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။

ဇန်နဝါရီလ နောက်ဆုံးသီတင်းပတ်တွင် ကျင်းပမည့် တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးတွင် တင်ပြနိုင်ရန် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ရခိုင်ပြည်နယ်မှ လွဲ၍ ကျန်ပြည်နယ်များတွင် ကျင်းပပြုလုပ်ခဲ့ပြီးလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရန်မှာ လတ်တလော ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကြောင့် မဖြစ်နိုင်ဟု နေပြည်တော်တွင် နှစ်ရက်ကြာ (အောက်တိုဘာ ၃၀-၃၁) ကျင်းပပြုလုပ်ခဲသည့့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးအပြီး  နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းမီဒီယာများသို့ ဖြေကြားထားခဲ့သည်။

ယင်းသို့ နိုင်ငံရေးဆွေးနွေးပွဲကို ရခိုင်ပြည်နယ်တွင် ကျင်းပပြုလုပ်နိုင်ခြင်း မရှိသော်လည်း လူထုအသံကို တင်ပြနိုင်ရန်အတွက် မြို့နယ် ၅ ခု၌ လူထုတွေ့ဆုံပွဲများကို ပြုလုပ်နိုင်ရန် စီစဉ်နေရခြင်း ဖြစ်သည်ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။

တွေ့ဆုံပွဲ ကျင်းပမည့် မြို့နယ်များအဖြစ် ရန်ကုန်၊ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲနှင့် စစ်တွေ (ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များကိုပါ ထည့်သွင်းထား) တို့ကို ရွေးချယ်ထားသည်ဟု သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးသီတင်းပတ်တွင် ကျင်းပမည့် တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံအစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သယံဇာတ၊ လုံခြုံရေး စသည့် အချက် ၅ ချက်ကို အဓိကထား ဆွေးနွေးသွားကြမည် ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly