ရခိုင်သူဌေးကြီး ဦးရဲကျော်သူကျောင်းတိုက် နှစ် ၁၀၀ ပြည့် အခမ်းနားကျင်းပ

ရခိုင်သူဌေးကြီး ဦးရဲကျော်သူကျောင်းတိုက် နှစ် ၁၀၀ ပြည့် အခမ်းနားကျင်းပ

စစ်တွေ၊ ဒီဇင်ဘာ ၂၅ ရက်။            ။ ခရစ်သက္ကရာဇ် ၁၉၁၇ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့၊ ကိုလိုနီခေတ်က မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင် တည်ထောင်ခဲ့သူ ရခိုင်သူဌေးကြီး ဦးရဲကျော်သူ လှူဒါန်းခဲ့တဲ့ ကျောင်းတိုက် နှစ် (၁၀၀) ပြည့်အခမ်းအနားကို စစ်တွေမြို့မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။

 “ ရခိုင်တစ်မျိုးသားလုံးအနေနဲ့ ဦးရဲကျော်သူရဲ့ စိတ်ဓာတ်နဲ့ ဒီကျောင်းကြီး တည်ရှိလာတဲ့အတိုင်း ရှေးမူ မပျက်ထိန်းသိမ်း နိုင်အောင်၊ လူတွေရဲ့စိတ်ဝင်စားမှု များပြားလာအောင် ရည်ရွယ်ပြီး ကျင်းပရတာဖြစ်တယ်” လို့ ပွဲကျင်းပရေးကော်မတီ ဘဏ္ဍာရေးမှူးက ဦးပြည်စိုးက ပြောပါတယ်။

အဲဒီ အထိမ်းအမှတ်အနေနဲ့ ဦးရဲကျော်သူကျောင်း တည်ရှိရာ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်မှာ ရခိုင် အဆိုတော်တွေရဲ့ စတိတ်ရှိုးပွဲနဲ့ ရခိုင်ရိုးရာ အားကစားပွဲတွေဖြစ်တဲ့ ချောတိုင်တက်ပွဲ၊ အထုတ်သတ်ပွဲ၊ ပုဆိုး ကွင်းစွပ်၊ ကွမ်းသီး ကောက်ပွဲတွေကို ဒီဇင်ဘာလ ၂၃ကနေ ၂၅ ရက်နေ့အထိ ၃ ရက်တာ ကျင်းပပြုလုပ် နေပါတယ်။

ပွဲတော်တွေကို သံကျောင်းရှေ့(ဦးရဲကျော်သူ) ဆင်ကူးလမ်း ရပ်ကွက်သူရပ်ကွက်သားများ စုပေါင်း ကျင်းပထားပြီးတော့ ငွေကြေး အကုန်အကျကိုတော့ အောင်စေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးလှမောင်နဲ့ ရပ်ကွက်သူ/သားများက ဝိုင်းဝန်းထည့်ဝင်တာလို့လည်း ဆိုပါတယ်။

 ဒီကျောင်းကို ဦးရဲကျော်သူ လှူဒါန်းတည်ဆောက်ခဲ့အတွက် ဦးရဲကျော်သူကျောင်း၊ ကျောင်းတစ်ခုလုံးကို သံတိုင်တွေနဲ့ တည်ဆောက်ထားတဲ့အတွက် သံကျောင်း၊ ကျော်ဦး၏ အဖေ (ဦးရဲကျော်သူ) တည်ခဲ့အတွက် ကျော်ဦးဖကျောင်းဆိုပြီးတော့ အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။

 ဦးရဲကျော်သူဟာ မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းကို စတင်တည်ထောင်နိုင်ခဲ့သလို ဆန်စပါးလုပ်ငန်းနဲ့ လယ်မြေဧက ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ခဲ့တဲ့တွက် အန္ဒိယနိုင်ငံကပေးအပ်တဲ့ သူဌေးဘွဲ့ ရွှေစလွယ်ဆုကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly