ချယ်လ်ဆီး ကိုပြောင်းရွှေ့ရခြင်း၏ အဓိက အကြောင်းအရင်းကို ပက်ဒရို ထုတ်ဖော်

ချယ်လ်ဆီး ကိုပြောင်းရွှေ့ရခြင်း၏ အဓိက အကြောင်းအရင်းကို ပက်ဒရို ထုတ်ဖော်

လန်ဒန်၊ သြဂုတ် ၂၁ ။       ။ စပိန်လက်ရွေးစင်တောင်ပံကစားသမား ပက်ဒရိုက ချယ်လ်ဆီးကို ပြောင်းရွှေ့ရန်ရွေးချယ်ခဲ့ခြင်း၏ အဓိက အကြောင်းအရင်းမှာ နည်းပြမော်ရင်ဟိုနှင့် အသင်းဖော်ဟောင်း ဖာဘရီဂက်စ်တို့ကြောင့် ဖြစ်သည်ဟု ထုတ်ဖော် ပြောကြားလိုက်သည်။

ပက်ဒရိုကို မန်ယူအသင်းက ခေါ်ယူရန် အသည်းအသန်ကြိုးပမ်းခဲ့ပြီး အပြောင်းအရွှေ့ပြီးမြောက်တော့မည်ဟု သတင်းများထွက်ခဲ့ သော်လည်း နောက်ဆုံးတွင် ချယ်လ်ဆီးသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ပက်ဒရိုကို ပြောင်းရွှေ့ကြေးပေါင် ၂၁ သန်းဖြင့် ခေါ်ယူခဲ့ပြီး လေးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ ပက်ဒရိုသည် ပြီးခဲ့သည့် ကြာသပတေးနေ့က ဆေးစစ်မှုအောင်မြင်ခဲ့ပြီး အသင်းဖော် များနှင့်အတူ လေ့ကျင့်ခန်းပင် ပြုလုပ်ခဲ့သည်။

'ကျွန်တော်ဒီမှာ ရောက်ရှိနေရတဲ့ အဓိကအကြောင်းပြချက်ကတော့ မော်ရင်ဟိုပါပဲ။ သူ ကျွန်တော့်ဆီကို အကြိမ်အနည်းငယ် ဖုန်းဆက်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းတောင့်တင်းလာဖို့အတွက် ကျွန်တော့် ကို လိုအပ်ကြောင်း သူပြောခဲ့ပါတယ်။ မော်ရင်ဟိုဟာ နေရာတိုင်းမှာ ဆုဖလားတွေ အများကြီး ရရှိခဲ့သူပါ။ သူ့ရဲ့လက်အောက်မှာ ဆုဖလားတွေ ထပ်မံရရှိလိ့မ်မယ်လို့ မျှော်လင့်ပါတယ်' ဟု ပက်ဒရိုက ၎င်း၏ ပထမဆုံးအင်တာဗျူးတွင် ပြောသည်။

ဖာဘရီဂက်စ်နှင့် နေ့စဉ်တွဲဖက်ကစားရမည့် အခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင်မူ ပက်ဒရိုက  'ကျွန်တော်တို့က အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ။ ဒီမှာ ကျွန်တော့်ရဲ့အိမ်လို ခံစားရမယ် ဆိုတာ သိပါတယ်။ ဒါကလည်း ချယ်လ်ဆီးကို ပြောင်းလာဖြစ်တဲ့ အဓိက အချက်တစ်ခုပါ။

ဖာဘရီဂက်စ်ဟာ ထိပ်တန်းကစားသမားကောင်းတစ်ယောက်ပါ။ ဘောလုံးအမြင်အလွန်ကောင်းတဲ့သူဖြစ်ပြီး အခြားတိုက်စစ်ကစားသမားတွေနဲ့ တွဲဖက်ကစားတဲ့နေရာမှာ တကယ်တော်တဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းတွဲဖက် ကစားနိုင်မယ်ဆိုတာ သိပါတယ်။ သူနဲ့ တွဲဖက်ကစားဖို့ မစောင့်နိုင်တော့ပါဘူး။ ဒီယေဂိုကော်စတာ၊ အက်စ်ပီလီကျူတာတို့နဲ့လည်း စပိန်အသင်းမှာ တွဲဖက်ကစားခဲ့ဖူး ပါတယ်။ ဒါကြောင့် ဒီမှာ နေရတာ သက်သောင့်သက်သာ ခံစားရပါတယ်' ဟု ပြောသည်။

ချယ်လ်ဆီးအသင်းနှင့် ပထမဆုံး လေ့ကျင့်ခန်းအစီအစဉ်နှင့် ပက်သက်၍မူ ပက်ဒရိုက 'ကြံ့ခိုင်မှုပိုင်းကို ဦးစားပေးပြီး လေ့ကျင့်ရေးက အလွန်ပြင်းထန်ပါတယ်။ နည်းပြက ကျွန်တော့်ကိုရွေးချယ် မယ်ဆိုရင်တော့ ကစားဖို့ အသင့်ပါပဲ။ ဘာစီလိုနာအသင်းနဲ့ ရာသီအစပွဲစဉ်အချို့ကို ကစားခဲ့ပြီး ဖြစ်တာကြောင့် အကောင်းဆုံးပုံစံကို ရနေပါတယ်' ဟု ဖြေကြားခဲ့သည်။

Ref: Chelsea FC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly