လူငယ်နဲ့ ဆူလွယ်နပ်လွယ်စာပေ ၁

ဆူလွယ်နပ်လွယ်စာပေလို့ ဆိုလိုက်တော့ အဲဒီ ဆူလွယ်နပ်လွယ်စာပေကို ပျော့ပျက်ပြီး မလေးနက်တဲ့ စာပေရယ်လို့ အများကတော့ ယူဆကြဖွယ်ရှိပါတယ်။ ကျနော်ကတော့ အဲသလိုရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူး။ ဆူလွယ်နပ်လွယ်စာပေဟာ သူ့အထာနဲ့သူ သူ့အထွာနဲ့သူ အရေးပါတဲ့ စာပေတစ်ရပ်လည်းဖြစ်တယ်လို့ ကျနော် မြင်ပါတယ်။

ဒီကနေ့ အဲဒီဆူလွယ်နပ်လွယ်စာပေနဲ့လူငယ်ဆိုပြီး ဘာ့ကြောင့်ခေါင်းစဉ်ထုတ်ရသလဲဆိုရင် ဆူလွယ်နပ်လွယ်စာပေဟာ လူငယ်ပရိသတ်ရဲ့အများစုကြီးနဲ့ အနီးစပ်ဆုံးစာပေဖြစ်နေလို့ပါပဲ။ ဒီကနေ့ လူငယ်အများစုကြီးဟာ တခြားစာပေအမျိုးအစားတွေထက် အဲဒီ ဆူလွယ်နပ်လွယ်စာပေကို ဦးစားပေးဖတ်ရှုနေကြတဲ့ သဘောရှိနေလို့ ကျနော်က အဲသလို လူငယ်နဲ့ ဆူလွယ်နပ်လွယ်စာပေဆိုပြီး ခေါင်းစဉ်တပ် ဆွေးနွေးဖို့ ခေါင်းစဉ်တပ်လိုက်တာပါ။

ဆူလွယ်နပ်လွယ်စာပေဆိုတာ ဘယ်လိုစာပေမျိုးလည်း။ အချိန်တိုအတွင်း ရှုပ်ရှုပ်ထွေးထွေး လေးလေးပင်ပင်မရှိဘဲ စာဖတ်သူရဲ့ရင်ထဲ ဖြတ်ကနဲ တိုးဝင်စေနိုင်တဲ့စာပေဟာ ဆူလွယ်နပ်လွယ်စာပေပါပဲ။ ဆိုလိုတာက ဒီစာပေကိုဖတ်ဖို့ အချိန်ယူပြီးဖတ်ဖို့မလို၊ အချိန်ယူပြီးတွေးဖို့မလို စာဖတ်သူရဲ့ ခေါင်းထဲ ဖြိုးကနဲဖြတ်ကနဲ ၀င်ရောက်နိုင်တဲ့စာပေပါပဲ။ သူက အချစ်အကြောင်းဆိုရင်လည်း လေးလေးပင်ပင် အားစိုက်ပြီးတွေးဖို့မလို တိုးတက်ရာတိုးတက်ကြောင်းနည်းလမ်းအကြောင်းဆိုရင် ခက်ခက်ခဲခဲ စဉ်းစားဖို့မလို သွားရင်းလာရင်း ဖတ်လို့ရတဲ့စာပေဟာ ဆူလွယ်နပ်လွယ်စာပေပါပဲ။

စာပေအမျိုးအစားများစွာအနက် ဆူလွယ်နပ်လွယ်စာပေကို လူငယ်အများစု ဘာ့ကြောင့် ဦးစားပေး ဖတ်ရှုကြသလဲ။

ဒီကနေ့ခေတ်ဟာ လူတွေရဲ့ဘဝနေထိုင်မှုပုံစံ အကြီးအကျယ်ပြောင်းလဲလာနေတဲ့ခေတ်ပါပဲ။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အသစ်အသစ်သောဖြစ်ပေါ်မှုတွေဟာ လိုက်လို့မမှီနိုင်လောက်အောင် အလျင်အမြန်ဖြစ်ပေါ်နေပါတယ်။ အဖြစ်အပျက်တွေ နည်းစံနစ်တွေ ဆက်သွယ်မှုယန္တရားတွေဟာ အင်မတန်မြန်ဆန်တဲ့နှုန်းနဲ့ နယ်ပယ်အားလုံးရဲ့နယ်နမိတ်စည်းမျဉ်းဟူသမျှကို တဖြောင်းဖြောင်းမြည်အောင် ရိုက်ချိုးပြီး  ဖြစ်ပေါ်ပြောင်းလဲနေပါတယ်။ အသစ်အသစ်ဖြစ်ပေါ်မှုတွေဟာ လျပ်တပျက်တိုင်းမှာ ပြောင်းလဲတိုးတက်လာနေတဲ့သဘောရှိပါတယ်။ ဒီလိုဖြစ်ပေါ်လာနေတာကို အသိသာဆုံးဥပမာပေးရရင် အီလက်ထရောနစ်နယ်ပယ်မှာဆိုရင် သိသာမြင်သာရှိတာတွေ့ရမှာပါ။ ဒီအပေါ်မှာမူတည်ပြီး အင်တာနက်ဆက်သွယ်ရေးမီဒီယာနယ်ပယ်ဆိုတာမျိုးဆိုရင်လည်း အလျင်အမြန် ဖြစ်ပေါ်ပြောင်းလဲတိုးတက်လာနေတာ သိသာမြင်သာနိုင်ပါတယ်။

ဒီလို အလျင်အမြန် ပေါက်ကွဲဖြစ်ပေါ်တိုးတက်လာနေတဲ့ အနေအထားမှာ လူငယ်တွေဟာ အဲဒီပြောင်းလဲလာနေမှုကြီးနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ဆိုရင် ကိုယ့်ဘဝရွေးချယ်မှုကို အလျင်မီအောင်တည်ဆောက်ဖို့ဆိုရင် ဆူလွယ်နပ်လွယ်စာပေဟာ လက်လှမ်းအမှီဆုံးစာပေဖြစ်ပါတယ်။ လူငယ်တွေဟာ အဲဒီလိုဖြစ်ပေါ်ပြောင်းလဲမှုတွေ လျပ်တပြက်အတွင်း ပြောင်းလဲသွားနေတဲ့အနေအထားနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဘဝနေထိုင်မှုပုံစံလည်း တည်ဆောက်ရပါတယ်။ အချိန်ယူပြီးစဉ်းစားရမယ့် အချိ်န်ယူပြီး လုပ်ရကိုင်ရမှဖြစ်နိုင်မယ့် လုပ်နည်းဟူသမျှကို ငြင်းပယ်ကြရတော့မှာဖြစ်ပါတယ်။ ဒါမှမဟုတ် အရေးတကြီးဆောင်ရွက်ရမယ့် ကိစ္စအဖြစ် သဘောမထားနိုင်တော့ပဲ အဲဒီနည်းလမ်းတွေကို နောက်တန်းကို ပို့ထားလိုက်ကြပါတယ်။

ဥပမာ အလုပ်အကိုင်အခွင့်အလမ်း ရှာကြတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ အလျင်အမြန်အလုပ်ရဖို့ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ဘယ်လိုစိတ်ထားတွေကို ရွေးချယ်ဖို့လိုအပ်ပါသလဲ။ အလုပ်တစ်ခုဟာ ရေရှည်ကောင်းသည်ဆိုးသည်ဆိုတာထက် အလုပ်မြန်မြန်ရဖို့ကို ဦးစားပေး စဉ်းစားလာကြရပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ တက်ကျမ်းလို့ခေါ်တဲ့စာပေတွေဟာ လူငယ်တွေရဲ့လတ်တလောဘဝအခြေအနေနဲ့ တိုက်ရိုက်အချိုးကျနေပါတော့တယ်။ တက်ကျမ်းလို့ခေါ်တဲ့ အလျင်အမြန်် ဘဝတိုးတက်ရာတိုးတက်ကြောင်း ခေါင်းစဉ်တပ်ထားတဲ့ တက်ကျမ်းစာပေ သို့မဟုတ် ထွက်ရပေါက်စာပေတွေကို လူငယ်တွေ မျက်စေ့ကျစေပါတော့တယ်။

ဒါ့အပြင် လူငယ်တွေဟာ စိတ်ကစားလွယ်တဲ့အရွယ်တွေဖြစ်ပါတယ်။ တိမ်းညွှတ်ပြောင်းလဲလွယ်ပါတယ်။ ဒိီလိုအနေအထားမျိုးမှာ နယ်ပယ်ပေါင်းစုံကလည်း အလျင်အမြန်ဖြစ်ပေါ်ပြောင်းလဲတိုးတက်နေပါတယ်။ ဒီတော့ကာ လူငယ်တွေရဲ့ စိတ်နေစိတ်ထားဟာလည်း အချိန်တိုအတွင်း လိုက်လံပြောင်းလဲနေဖို့ လိုအပ်လာပါတယ်။ အဲသလို နောက်ခံအခင်းအကျင်းပေါ်မှာ အချစ်ဆိုတဲ့အရာကိုလည်း အသေဆုပ်ကိုင်ဖို့ မလိုအပ်တော့ဘူးဖြစ်လာပါတယ်။ ဟိုယခင်တုန်းကလို သုံးနှစ်သုံးမိုးစောင့်စရာမလိုပဲ ခုမြင်ခုကြိုက်မှဖြစ်မယ့် ဘဝနေထိုင်မှုပုံစံမျိုးဖြစ်လာကြရပါတယ်။ ဒီလိုပြောတော့ လူငယ်တွေဟာ ချစ်ခြင်းမေတ္တာကို တန်ဘိုးမထား မလေးနက်ကြတော့ဘူးလို့ ဆိုလိုရာရောက်နိုင်ပါတယ်။ ကျနော်ဆိုလိုတာက အဲသလိုမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြိီး ရွေးချယ်ကြ ဆုံးဖြတ်ကြတဲ့အခါ အချိန်နဲ့အမျှပြောင်းလဲနေတဲ့ အနေအထားနဲ့ အလျင်မီအောင် အချိန်တိုအတွင်း ရွေးချယ်ဆုံးဖြတ်ကြရတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး ဒီိလိုဖြစ်ပေါ်လာနေတဲ့အခါ အဲဒီ ဆူလွယ်နပ်လွယ် စာပေက အံဝင်ခွင်ကျဖြစ်ရပြန်ပါတယ်။ စာတိုပေစ အဆိုအမိန့်တွေ၊ လက်တန်း တင်စားဖွဲ့နွဲ့မှုတွေ၊ လူတကာသိပြီးသားအကြောင်းအရာတွေကိုပဲ ပုံစံပြောင်းပြီး အတိုချုပ်ပေါ့ပါးတဲ့ လတ်တလော စိတ်လှုပ်ရှားမှုဖြစ်စေတဲ့စာပေမျိုးတွေဟာ ယနေ့လူငယ်တွေရဲ့ မှီခိုအားထားဖို့ လက်တကမ်းအကွာကို ရောက်လာကြရပါတယ်။

ကောင်းပါပြီ။ ဆူလွယ်နပ်လွယ်စာပေတွေဟာ ယနေ့လူငယ်တွေရဲ့ဘဝအခြေအနေနဲ့ အနီးစပ်ဆုံးစာပေဆိုတာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် လူ့ဘဝရဲ့အဝန်းအဝိုင်းတစ်ခုအတွက် ပြည့်စုံစံမှီတဲ့ စာပေအမျိုးအစား ဟုတ်ပါရဲ့လား။ ဆူလွယ်နပ်လွယ်စာပေတွေကို ဖြတ်လမ်းစာပေအမျိုးအစားစာပေရယ်လို့ ပြောဆိုနေတာဟာ ဘာကြောင့်လဲ။ ဆူလွယ်နပ်လွယ်စာပေထဲမှာပဲ အဆိပ်အတောက်စာပေတွေ၊ လမ်းလွဲရောက်စေတဲ့စာပေတွေ၊ ခုတ်ရာတခြား ရှရာတခြားရောက်စေတဲ့စာပေတွေကော မရှိနိုင်ဘူးလား။ ဆူလွယ်နပ်လွယ်စာပေထဲမှာပဲ လူငယ်တွေဟာ သေချာဆန်းစစ်ဖတ်ရှုဖို့ မလိုတော့ဘူးလား။ လူငယ်တွေဟာ ဘဝကြီးကပြဋ္ဌာန်းတဲ့အတိုင်း ဒိီိလိုပဲ ရေစုန်မှာမျှောလိုက်သလို သူတကာဖတ်တဲ့ စိတ်ဝင်စားတဲ့ ဆူလွယ်နပ်လွယ်စာပေကိုပဲ အာကိုးနေ သာယာနေကြဖို့ သင့်ရဲ့လား။

ကဲ နောက်နေ့ကြရင်တော့ ဒီအကြောင်းတွေကို ဆက်ပြီးဆွေးနွေးကြသေးတာပေါ့။

လူငယ်တို့ရဲ့မိုးကောင်းကင် ကြည်လင်သန့်ရှင်း နိုင်ကြပါစေဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly