ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုရင်ဆိုင်နေသည့် ဦးပါမောက္ခက တရားသူကြီးအပါအဝင် လူပုဂ္ဂိုလ် ၆ ဦးကို ပြန်လည်တရားစွဲဆို

ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုရင်ဆိုင်နေသည့် ဦးပါမောက္ခက တရားသူကြီးအပါအဝင် လူပုဂ္ဂိုလ် ၆ ဦးကို ပြန်လည်တရားစွဲဆို

ရန်ကုန် ဒီဇင်ဘာ ၂၄ ။              ။ နိုင်ငံတော်အကြည်အညိုပျက် စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုရင်ဆိုင်နေသည့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခက ၄င်း၏ အမှုတွင် ဦးတိုက်လျှောက်ထားလွှာပေါ်မှ လက်မှတ်သည် တရားလို၏ လက်မှတ် မမှန်မကန်ဖြစ်နေခြင်းကိစ္စအတွက် တရားသူကြီးအပါအဝင် လူပုဂ္ဂိုလ် ၆ ဦးကို ပြန်လည်တရားစွဲဆိုလိုက်ကြောင်း သိရသည်။

ပုဒ်မ ၄၆၈ ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့က တရားလိုအပါအဝင် တရားသူကြီးနှင့် ရဲအရာရှိများ ကို ပြန်လည်တရားစွဲဆိုခဲ့ဖြင်းဖြစ်သည်ဟု ဦးပါမောက္ခအမှု ကူညီဆောင်ရွက်သူများအဖွဲ့မှ ဦးစည်သူမြင့်က ဒီဇင်ဘာ ၂၄ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

" ပုဒ်မ ၄၆၈ ဆိုတဲ့ဟာနဲ့ စွဲလိုက်တာပေါ့နော်၊ စာရွက်စာတမ်းအတုဆိုတဲ့ မမှန်မကန်ကိစ္စကိုပဲ စွဲလိုက်တာ၊ စွဲတာက ကျွန်တော်တို့ အရင်တရား သူကြီးဟောင်း ဒေါ်သန္တာရှင်၊ ပြီးလို့ရှိရင် ဒေါ်စိုးစိုး မိုး၊ ဥပဒေအရာရှိရယ်၊ အဲဒီက ၃ ယောက်ပေါ့နော်၊ ရဲ ဘက်ကဆိုလို့ရှိရင် စခန်းမှူးရယ်၊ မြို့နယ်မှူး ရယ်၊ ကမာရွတ်ကပေါ့၊ ပြီးလို့ရှိရင် မြို့နယ်ထွေအုပ် က ဦးသန်းထွန်းအောင်ရယ် ၆ ယောက်စွဲတာ၊ ၆ ယောက်ကိုစွဲတာကို အခုတရားသူကြီး ဒေါ်စိုးမာအေးက ဘာပြောလဲဆိုတော့ ဒီ ဒေါ်သန္တာရှင်ရယ် ၊ ဒေါ်စိုးစိုးမိုးရယ်ကို မစွဲဖို့ မှတ်ချက်ပေးတာပေါ့၊ ဒါပေမယ့် ဆရာတော်ကတော့ ဥပဒေအတိုင်းပဲလုပ်ချင်တယ်၊ အဲဒီတော့ ပါဝင်ပတ်သက်သူတွေအားလုံးကို စွဲဖို့ လိုတယ်လို့ ပြောတယ်ပေါ့၊ အဲဒါ ရေးပြီး တင်လိုက်တာပေါ့" ဟု ဦးစည်သူမြင့်က ပြောသည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် မကွေးကျောင်းဆရာ တော် ဦးပါမောက္ခသည် ဒီဇင်ဘာ ၂၂ ရက်နေ့က ရန်ကုန်၊ ကမာရွတ်မြို့နယ်တရားရုံးတွင် ၆ ကြိမ် မြောက် ရုံးထုတ်စစ်ဆေးခံခဲ့ရအပြီး ယင်းသို့ ပြန် လည် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး  ယင်းနေ့မှာပင် တရားရုံးကလည်း တရားစွဲဆိုလျှောက်လွှာကို လက်ခံခဲ့ကြောင်း သိရသည်။

" လောလောဆယ် အဲဒီလက်မှတ်အတုကိစ္စကိုပဲ စိစစ်ဖော်ထုတ်ပေးဖို့ ဆရာတော်က စွဲလိုက်တယ်၊ အဲဒီနေ့ကပဲ တရားသူကြီးက လက်ခံလိုက်တယ်" ဟု ဦးစည်သူမြင့်က ပြောသည်။

ပြီးခဲ့သည့် ၂၂ ရက်နေ့က မကွေးကျောင်းဆရာ တော်ဦးပါမောက္ခအမှုတွင် ဦးတိုက်လျှောက်ထား လွှာပေါ်မှ လက်မှတ်သည် တရားလို၏လက်မှတ် မမှန်မကန်ဖြစ်နေခြင်းကိစ္စအပါအဝင် အာမခံ လျှောက်ထားခြင်းကိစ္စများ ကို တရားရုံးက ပယ်ချခဲ့သည်။

ဦးပါမောက္ခသည် ပုဒ်မ ၁၉ အတွက် ထောင်ဒဏ် ၁ လ ချမှတ်ခံရပြီး ပုဒ်မ ၅၀၅ (ခ) အတွက် ဆက်လက်အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံးရှေ့တွင် ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြမှုအတွက် ရဟန်း ၃ ပါးနှင့် လူ ၄ ဦးကို အမှုဖွင့်ခဲ့သည်။ ရဟန်း ၃ ပါး ဖြစ်သော ဦးပါမောက္ခ၊ ဦးသုစိတ္တနှင့် ဦးပညာဝံသ တို့မှာ သံဃာ့အဖွဲ့ အစည်း၏ ခွင့်ပြုချက်စာ၊ သာသနာရေးဦးစီးဌာန၏ သဘောထားမှတ်ချက် စသောလုပ်ထုံး၊ လုပ်နည်းများနှင့် မညီသဖြင့် တရားစွဲဆိုမှုအတွက် တရားရုံးသို့ အစစ်ဆေးခံရန် မလာရောက်ခဲ့ကြသည့်အတွက် အားလုံးကို ဖမ်းဝရမ်း ထုတ်ပြန်ထားခဲ့သည်။

ဆရာတော်ဦးပါမောက္ခသည် ဖမ်းဝရမ်းထုတ်ခံထား ရစဉ် နိုဝင်ဘာလ ၁၂ ရက်က ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြို့မရဲစခန်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၈ ရပ်ကွက်ရှိ အခွန်လွတ်စျေးမြေနေရာကိစ္စ ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်တောင်းခံစဉ် ရဲတပ်ဖွဲ့မှ လူဝတ်လဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကမာရွတ်မြို့နယ်တရားရုံးက နိုဝင်ဘာ လ ၁၄ ရက်နေ့တွင် နိုင်ငံတော်အကြည်အညိုပျက် စေမှု ပုဒ်မ ၅၀၅ (ခ)ကို အာမခံမပေးသည့်အတွက် အမှုဆက်လက် ရင်ဆိုင်နေရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly