ပုသိမ်ခရိုင်အတွင်း အာရှဆင်များ ရောင်းဝယ်အသတ်ခံရမှုအပေါ် အစိုးရ၏ လုပ်ဆောင်မှုအား မေးခွန်းထုတ်

ပုသိမ်ခရိုင်အတွင်း အာရှဆင်များ ရောင်းဝယ်အသတ်ခံရမှုအပေါ် အစိုးရ၏ လုပ်ဆောင်မှုအား မေးခွန်းထုတ်

ပုသိမ်၊ ဒီဇင်ဘာ ၂၄ ။           ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်ခရိုင်တွင် အာရှဆင်များ သတ်ဖြတ်ခံရမှုများ၊  ရောင်းဝယ်ဖောက်ကား သည့် တရားခံများ ဖမ်းဆီးရမိနိုင်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရ လုပ်ဆောင်ထားမှုများအပေါ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ငပုတောမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ သည်။

လက်ရှိအချိန်တွင် ဆင်များအနေဖြင့် ဆင်စွယ်အတွက်သာမက အရေပြား၊ အသား၊ အမြီး အစရှိသည့် ဆင် တစ်ကောင်လုံးကိုပါ ရောင်းဝယ်ဖောက်ကားနေကြသဖြင့် ဆင်များ အသတ်ခံရမှု တိုးမြင့်လာပြီး ပုသိမ်ခရိုင်တွင် အများဆုံး သတ်ဖြတ်ခံနေရသည်။

“ပုသိမ်ခရိုင်ရှိ သာပေါင်း၊ငပုတော၊ပုသိမ်မြို့နယ်တို့ရှိ သစ်တောကြိုးဝိုင်းပြင်ပတို့တွင် တောဆင်ရိုင်းများ မကြာခဏ အသတ်ခံနေရပါသည်။ ပုသိမ်ခရိုင်တွင် ယခုနှစ်ဝက်အတွင်း တောဆင်ရိုင်း ၁၃ကောင် သတ်ဖြတ်ခံရပြီး တစ်နိုင်ငံလုံးတွင် အများဆုံးအသတ်ခံနေရပါသည်။ သတ်ဖြတ်မှုများကို မကာကွယ် မတားဆီးနိုင်ပါက တောဆင်ရိုင်းများ မျိုးတုံုးပျောက်ကွယ်သွားနိုင်ပါသည်၊ ယခင်က တောဆင်ရိုင်းများ သတ်ဖြတ်ပြီး ဆင်စွယ်ကိုသာယူသော်လည်း ယခုအခါ အစွယ်အပြင် အရေပြား၊ အသားနှင့်အမြီးများကို ယူဆောင်နေပြီး ဆင်ထွက်ပစ္စည်းများမှောင်ခို ရောင်းချနေသူများနှင့် ချိတ်ဆက်ကာ ပုသိမ်-မော်တင် ကားလမ်းမှ တဆင့် မန္တလေးမြို့သို့ ပို့ဆောင်ပြီး မန္တလေး-မူဆယ်လမ်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း သိရပါသည်”ဟု ငပုတောမြို့နယ်၊၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေ က တိုင်းလွှတ်တော်တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဆင်မှောင်ခိုများသည် ဆင်ထွက်ကုန်ပစ္စည်းများကို ပုသိမ်-မော်တင် ကားလမ်းမှ တဆင့် မန္တလေးမြို့သို့ ပို့ဆောင်ပြီး မန္တလေး-မူဆယ်လမ်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ်၌ တောဆင်ရိုင်း ၁၃ကောင် သတ်ဖြတ်ခံရပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်တွင် ရခိုင်ရိုးမနှင့် ထိစပ်လျက်ရှိနေသည့် ပုသိမ်၊ငပုတောနှင့် သာပေါင်းမြို့နယ်များတွင် တော ဆင်ရိုင်းများ သတ်ဖြတ်ခံရမှု အများဆုံးဖြစ်ပြီး၊၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ် စစ်တမ်းများအရ အာရှဆင် ရ၀၀ ခန့်ရှိသည်။

အဆိုပါ ငပုတောမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေ၏ မေးခွန်းထုတ်မှုကို ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးမွေးမြူရေး၊  သဘာဝပတ်ဝန်းကျင်၊ ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းက အရေးယူဆောင်ရွက်ထားမှု အခြေအနေများအား လွှတ်တော်တွင် ပြန်လည်ဖြေဆိုခဲ့သည်။

၂၀၁၇ ခုနှစ် ပုသိမ်ခရိုင်အတွင်း တောဆင်ရိုင်းသေဆုံးမှု ၁၅မှု ရှိခဲ့ပါတယ်၊ ဓမ္မတာကြောင့် သေဆုံးခြင်း ၅ မှု ရှိခဲ့ပြီး ၁၀မှုက ဆင်သတ်မုဆိုးသတ်ဖြတ်ခြင်းခံရခြင်းဖြစ်ပါတယ်၊ ၄င်းတို့ အနက် ၆မှုမှာ တရားခံများ ဖမ်းဆီးရမိပြီး သက်ဆိုင်ရာရဲစခန်းများမှာ တောရိုင်းတိရိစ္ဆာန်နှင့်သဘာဝအပင်များကာကွယ်ရေး သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၃(က)ဖြင့် အရေးယူဆောင်ရွက်နိုင်ပြီး၊ ၄မှုမှာ ဆောင်ရွက်ထားရှိပါတယ်” ဟု ပြောသည်။

ငပုတောမြို့နယ်တွင်၂၀၁၇ခုနှစ် သြဂုတ်လအတွင်း တောဆင်ရိုင်းသတ်ဖြတ်မှုများနှင့်ပတ်သက်ပြီး မသင်္ကာသူ တရားခံ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ပြီး တရားခံ ၄ ဦးကို တောဆင်ရိုင်း သတ်ဖြတ်မှုအတွက် တောရိုင်းတိရိစ္ဆာန်များ သဘာဝအပင်များကာကွယ်ရေးသဘာဝနယ်မြေများထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇(က)အရ ရဲတပ်ဖွဲ့မှ တရားစွဲဆိုခဲ့သည်။ ထို့ပြင်  ရဲအက် ၃၅(က)ဖြင့် တရားခံ ၈ ဦး၊ လက်နက် ၁၉(စ)ဖြင့် ၃ဦး အရေးယူခဲ့ပြီး သာပေါင်းမြို့နယ်တွင် ဆင်သတ်တရားခံ ၁၁ဦးအား  ဖမ်းဆီး၍ တောဆင်ရိုင်တိရိစ္ဆာန်များ သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇(က) အရ အမှုဖွင့်ထားကြောင်း သိရသည်။

သို့ရာတွင် ဆင်ထွက်ပစ္စည်းများရောင်းဝယ်ဖောက်ကားခြင်းကို တားဆီးရန် ဆင်မှောင်ခိုများအား ငပုတော မြို့နယ်၊ ငရုတ်ကောင်းတောင်ရွာ ငပုတော-ပုသိမ်နယ်ခြား မဏ္ဍပ်ရွာပုသိမ်မြို့ အဝင်ကြိုးတံတားကဲ့သို့ လမ်းဆုံလမ်းခွဲနေရာများတွင် ဆင်ထွက်ပစ္စည်းများ စစ်ဆေးသည့်ဂိတ်တ်များ ထားရှိသင့်ပြီး တောဆင်ရိုင်း သတ်ဖြတ်သူများအား အမှုဖွင့်အရေးယူနိုင်မှုများရှိသကဲ့သို့ အရေးမယူနိုင်ဘဲ အမှုပိတ်သိမ်းခဲ့ရသည် များလည်းရှိကြောင်း သိရသည်။

လက်ရှိတွင် ဆင်ထွက်ပစ္စည်းများ သယ်ယူရောင်းဝယ်နေမှုများအား ဖမ်းဆီးသည်ကိုတော့ မကြားသိရသေးဘဲ တောဆင်ရိုင်းသတ်ဖြတ်မှုများသာ ရှာဖွေဖမ်းဆီးနိုင်သေးကြောင်း တွေ့ရှိရသည်။

တောင်ဆင်ရိုင်းသတ်ဖြတ်ခံရမှုများအား ကာကွယ်နိုင်ရန် ဆင်ထွက်ပစ္စည်းများ သယ်ယူရောင်းချနေမှုတွင် အဓိကပါ၀င်လှုပ်ရှားနေသော လူပုဂ္ဂိုလ်၊ဂိုဏ်း၊အဖွဲ ့အစည်းများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် အရေးကြီး လိုအပ်လျက်ရှိပါသည်ဟု ပုတောမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ထောက်ပြပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly