ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ။            ။ မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတွင် တခြားနိုင်ငံများထက်နောက်ကျနေသေးသောကြောင့် ပိုမိုဖွံဖြိုးတိုးတက်ရန် လိုအပ်နေသေးသည်ဟု   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ကြည်တည်ထောင်ခဲ့သော အမျိုးသမီးဆေးရုံသစ်ဖွင့်ပွဲတွင် ပြောကြားသွားခဲ့သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံဖွင့်ပွဲ အခမ်းအနားပြုလုပ်သည့် ဒီဇင်ဘာ ၂၃ ရက် အဖွင့်မိန့်ခွန်းတွင်ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

" ကျွန်မတို့နိုင်ငံမှာဆိုရင် ပိုမိုဖွံဖြိုးရေးအတွက်လိုတာက ကျန်းမာရေးနဲ့ ပညာရေးပါ။ မကျန်းမာတဲ့ နိုင်ငံသူ နိုင်ငံသားတွေဟာ တိုင်းပြည်ကို တိုးတက်အောင် ဖွံဖြိုးအောင်လုပ်နိုင်မှာမဟုတ်ပါဘူး။ ထိုနည်း ၄င်းပဲ ပညာမတတ်တဲ့ နိုင်ငံသူနိုင်ငံသားဟာလည်း တိုင်းပြည်ကို တိုးတက်အောင် ကြီးပွားအောင် လုပ်နိုင်မှာမဟုတ်ပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

တခြားနိုင်ငံတော်တော်များများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံရေး၏ ကျန်းမာရေး၊ ပညာရေးကဏ္ဍ များမှာနောက်ရောက်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

ထို့ကြောင့် ယုံကြည်မှု၊ လုံ့လထုတ်ခြင်းတို့ဖြင့် ပိုမိုကြိုးစားသွားရန်လိုအပ်ကြောင်း ပြောသည်။

ဒေါ်ခင်ကြည်တည်ထောင်ခဲ့သည့် အမျိုးသမီးဆေးရုံကို အဆင့်မြှင့်တင်မှုများပြုလုပ်ဖို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကန်ဒေါ်လာ ၂ သန်း (မြန်မာငွေ ကျပ်သိန်းသုံးသောင်းနီးပါး)   ထောက်ပံ့ပေးခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးရေးဖောင်ဒေးရှင်းက ကန်ဒေါ်လာ ၅ သိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်၏ ကူညီမှုဖြင့် ကန်ဒေါ်လာ ၁၅ သိန်း စုစုပေါင်း ကန်ဒေါ်လာ သိန်း ၂၀ (မြန်မာငွေ ကျပ်သိန်းသုံးသောင်းနီးပါး)ကို ထောက်ပံ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းယုဇော်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူအချို့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ချို့တတ်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly