ဖမ်းဆီးခံ သတင်းထောက်များအတွက် ကြေညာချက် နိုင်ငံပိုင် သတင်းစာများတွင် ကြော်ငြာထည့်ခွင့် ဆိုင်းငံ့ခံထားရ

ဖမ်းဆီးခံ သတင်းထောက်များအတွက် ကြေညာချက် နိုင်ငံပိုင် သတင်းစာများတွင် ကြော်ငြာထည့်ခွင့် ဆိုင်းငံ့ခံထားရ

နေပြည်တော်(ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၇ခုနှစ်)။               ။ လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆို ခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးနှင့် ပတ်သက်သည့် အခြေအနေများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရေး ကြေညာချက်ကို နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းနိုင်ရန် သတင်းထောက်အချို့၏ ကြိုးပမ်းချက်မှာ ဆိုင်းငံ့ခံထားရသည်။

ဖမ်းဆီးခံထားရသည့် သတင်းထောက်များ၏ အခြေအနေနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် တိုက်တွန်းထားသည့် ကြေညာချက်ကို နိုင်ငံပိုင် သတင်းစာများတွင် အခကြေးငွေပေးကာ နေပြည်တော် အခြေစိုက် သတင်းထောက်အချို့ ကြော်ငြာလိုခြင်းဖြစ်သည်။

ကြေညာချက် ထည့်သွင်းနိုင်ရန် နေပြည်တော်ရှိ သတင်းထောက်အချို့က ပြန်ကြားရေးဝန်ကြီးဌာနရုံးရှိ ကြော်ငြာ လက်ခံသည့်ဌာနသို့ ဒီဇင်ဘာလ၂၁ရက်နေ့ကသွားရောက် အပ်နှံခဲ့သော်လည်း သုံးရက်ကြာသည့် ယနေ့တွင်မူ အဆိုပါ ကြေညာချက်နှင့်ပတ်သက်ပြီး “အခုလောလောဆယ်မှာ ကိုဝလုံးတို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြေညာချက်တွေလည်း ထည့်ပေးနေတယ်လေ။ အဲ့ဒါကြောင့်မို့လို့ လောလောဆယ်တော့ ထည့်ခွင့်မပြုသေးဘူး” ဟု ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ပိုင်ထူးက ပြောသည်။

“ခင်ဗျားတို့နဲ့အတူ ကျွန်တော်တို့ ရပ်တည်ပါတယ်” ခေါင်းစဉ်တပ်ထားသည့် အဆိုပါ ကြေညာချက်တွင် ဖမ်းဆီးခံထားရသည့် သတင်းထောက် ကိုဝလုံး၊ ကိုမိုးအောင်တို့နှင့်အတူ ရပ်တည်ကြောင်းနှင့် မျှတသည့် တရားစီရင်ရေးကို ရရှိရန် မျှော်လင့်ကြောင်း ဖော်ပြထားပြီး သတင်းထောက်များ၏ အခြေအနေနှင့် ပတ်သက်ပြီး အခြေအနေများကို ထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။

ရိုက်တာ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရသည်မှာ ရက်သတ္တပတ် နှစ်ပတ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း ယခုအချိန်ထိ မိသားစုတွေ့ခွင့် မရသေးသလို မည်သည့်နေရာတွင် ထိန်းသိမ်း ထားသည်ကိုပင် မသိရှိရသေးပေ။

နိုင်ငံပိုင်သတင်းစာများတွင် အခကြေးငွေပေး၍ ထည့်သွင်းကြော်ငြာနိုင်ရန် သတင်းထောက်များပူးပေါင်း လှုပ်ရှားမှုအဖွဲ့ (နေပြည်တော်) ပေါ်ပေါက်ရေး ဆောင်ရွက်နေသည့် နေပြည်တော်ရှိ မဇ္ဈိမ သတင်းထောက် အပါအဝင် သတင်းထောက် ၂၆ ဦးက စီစဉ်ခြင်းဖြစ်သည်။

 

ယခုကဲ့သို့ ကြော်ငြာထည့်ခွင့်မရသည့်အပေါ် အဖွဲ့တွင် ပူးပေါင်းပါဝင်သည့် ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် ကိုထက်နိုင်ဇော်က “အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ကြေငြာချက်တွေ၊ ပြည်ထဲရေးက ကြေငြာချက်တွေကျတော့ ထည့်တယ်။ ကျွန်တော်တို့လည်း အတူတူ ရပ်တည်ကြောင်းဆိုပြီး ကြော်ငြာထည့်တာလေ။ ကျွန်တော်တို့ကို နိုင်ငံသား အခွင့်အရေးပေးသင့်တယ်” ဟု ပြောဆိုသည်။

အခြားသော ပူးပေါင်းပါဝင်သူတစ်ဦးဖြစ်သည့် Frontier Myanmar မှ နေပြည်တော်တာဝန်ခံ ကိုဉာဏ်လှိုင်လင်းကလည်း “ဘာ့ကြောင့် ထည့်ခွင့်မပြုဘူးဆိုတာ သူတို့မပြောဘူး။ အဲ့ဒီအခြေအနေက လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲက နမူနာတစ်ခုလို့ ပြောလို့ရတယ်။ ဘယ်လို နမူနာလည်းဆိုတော့ ပြန်ကြားရေးဝန်ကြီးဌာနက တကယ့်ကို အပြောင်းအလဲတွေလုပ်ဖို့ ဆန္ဒရှိနေရဲ့လားဆိုတာ  သက်သေပြစရာ ဖြစ်လာတယ်။ ဒီမိုကရေစီ အစိုးရလို့ ပြောတဲ့ခေတ်မှာ ကိုယ့်နစ်နာချက်ကို၊ ကိုယ့်ဆန္ဒကို အခကြေးငွေပေးပြီးတော့ သတင်းစာမှာ ထည့်ခွင်မပြုဘူးဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ စဉ်းစားစရာတွေ အများကြီး ရှိသွားပြီ” ဟု ဆိုသည်။

ကြော်ငြာထည့်ခွင့် ပြုမပြု သိရှိနိုင်ရန် ကိုယ်တိုင်ကြိုးပမ်းခဲ့သူ 7Day TV မှ ကိုစိုးရကမူ "ဝန်ကြီးရဲ့ ကိုယ်ရေး အရာရှိကို တိုက်ရိုက်ဆက်သွယ်ပြီး အကြိမ်ကြိမ်ဖုန်းဆက်တယ် ။ အဲဒါကြောင့် ဒီကိစ္စကို ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် တိတိလင်းလင်း တာဝန်ခံရမှာဖြစ်တယ်။ ဂုဏ်သိက္ခာရှိတဲ့ စာရေးဆရာ၊ သတင်းစာဆရာ တစ်ဦးကနေ ဒီမိုကရေစီစနစ်ကို ဦးတည်သွားနေတဲ့ အရပ်သားအစိုးရက ခန့်အပ် တာဝန်ပေးလို့ ပြန်ကြားရေးဝန်ကြီး ဖြစ်လာတဲ့ သူ့အနေနဲ့ တိတိလင်းလင်း တာဝန်ခံရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

လုံခြံုရေးနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ တွေ့ရှိသည်ဟုဆိုကာ ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၁၄နှစ်အထိ ချမှတ်နိုင်သည့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃ဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်။

သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုအပေါ် များစွာစိုးရိမ်ကြောင်း အမေရိကန်သံရုံး၊ အီးယူစသည်တို့က ကြေငြာချက် အသီးသီးထုတ်ပြန်ထားသလို ထိုသတင်းထောက်နှစ်ဦးကို အမြန်ဆုံးပြန်လွတ်ပေးရန်လည်း ပြည်တွင်း မီဒီယာအဖွဲ့အစည်းအသီးသီးနှင့် အရပ်ဘက်အဖွဲ့အစည်းတချို့က တောင်းဆိုလျက် ရှိနေသည်။ ထို့အပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကလည်း ဖမ်းဆီးခံသတင်းထောက်များအား ရှေ့နေ၊ မိသားစုဝင်တို့နှင့် တွေ့ခွင့်ပေးရန်နှင့် ၎င်းတို့ကို ညှဉ်းပမ်းနှိပ်စက်ခြင်းမရှိရန်လည်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly