မုံးကိုးမှ သင်းထောက်ဆရာ ၂ ဦး၏ အယူခံကို ရှမ်းပြည်နယ်တရားလွှတ်တော်သို့ ထပ်မံ တင်သွင်းမည်

မုံးကိုးမှ သင်းထောက်ဆရာ ၂ ဦး၏ အယူခံကို ရှမ်းပြည်နယ်တရားလွှတ်တော်သို့ ထပ်မံ တင်သွင်းမည်

ချင်းမိုင်၊ ဒီဇင်ဘာလ ၂၃ ။         ။ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့မှ သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့၏ အမှု အယူခံကို ရှမ်းပြည်နယ်တရားလွှတ်တော် တရားရုံးသို့ ထပ်မံ အယူခံ တင်မည် ဖြစ်ကြောင်း သူတို့နှစ်ဦး၏ ရှေ့နေ ဦးဘရန်ဒီးက ပြောသည်။

သူတို့ နှစ်ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ပထမ အကြိမ် တင်သွင်းခဲ့သော အယူခံကို ဒီဇင်ဘာလ ၁၃ ရက်နေ့က လားရှှိုးခရိုင်တရားရုံုးက ပလပ်သော အမိန့်ကို ချမှတ်ခဲ့သဖြင့် ဒုတိယအကြိမ် ရှမ်းပြည်နယ် တရားလွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်နေသည်ဟု ရှေ့နေ ဦးဘရန်ဒီးက ပြောသည်။

“မူလရုံးက အမိန့်ချပြီးနောက်မှာ ကျနော်တို့ နှစ်ဦး စီရင်ချက်ရတာနဲ့ ဥပဒေအရာရှိတွေ လက်ခံပြီးနောက် နောက်ဆုံးအယူခံ ကြားနာပြီးတော့ အမှုကို ပလပ်တယ်ဆိုပြီး အမိန့်ချလိုက်တယ်။ အခု ရှမ်းပြည်နယ် တရားလွှတ်တော်ကို ပြင်ဆင်မှု ပြန်တက်မယ်”ဟု သူက ပြောသည်။

လားရှိုးခရိုင် တရားရုံးက ပလပ်လိုက်ခဲ့သဖြင့် ရှမ်းပြည်နယ် တရားလွှတော်သို့ ပြင်ဆင်မှု ဆက်လက် တက်ရောက်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က လားရှိူးမြို့နယ် တရားရုံးက သင်းထောက် ဆရာဦးဒွမ်ဒေါ့နောင်လတ်ကို မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် ထောင်ဒဏ် ၃ လနှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၀ (အသရေဖျက်မှု)ဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်နှင့် ၃ လ ချမှတ်ခဲ့ပြီး ဦးလန်ဂျော်ဂမ်ဆိုင်းကိုလည်း မတရားသင်းဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် ထောင်ဒဏ် ၃ လ စုစုပေါင်း ထောင်ဒဏ် ၂ နှစ်နှင့် ၃ လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သူတို့ နှစ်ယောက်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က မုံးကိုးမြို့ရှိ တပ်မတော်၏ ဗျူဟာကုန်းအနီး ပျောက်ဆုံးခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သူတို့ နှစ်ဦးသည် KIAအတွက် ငွေကြေး ထောက်ပံ့ ကူညီပေးခြင်း၊ သတင်းပေးခြင်း၊ လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးခဲ့သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly