ပုသိမ်ကြီးမြို့နယ်တွင် ကျေးရွာတစ်ရွာ အုပ်ချုပ်ရေးမှူးရွေးပွဲ မဲပေးခွင့်မရ

ပုသိမ်ကြီးမြို့နယ်တွင် ကျေးရွာတစ်ရွာ အုပ်ချုပ်ရေးမှူးရွေးပွဲ မဲပေးခွင့်မရ

မန္တလေး၊ဒီဇင်ဘာ ၂၃ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စုအတွင်းရှိ ကုန်းတန်းကျေးရွာအား ပြည်ထဲရေးအမည်မပေါက်ဟု ဆိုကာ အုပ်ချုပ်ရေးမှူ းရွေးချယ်ပွဲတွင် မဲပေးခွင့်မပေးသောကြောင့် ဒီဇင်ဘာလ ၂၃ရက်၊ နံနက် ၁၁ နာရီက မန္တလေးမြို့၊ မီဒီယာစင်တာ၌ ဒေသခံအချို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါကုန်းတန်းကျေးရွာသည် နှစ်ပေါင်း ၆၀ ခန့်မှစတင်တည်ရှိခဲ့သော ကျေးရွာဖြစ်သည်ဟု ဒေသခံများက ပြောသည်။ အိမ်ခြေ ၃၀၀၀ကျော်ရှိ ပြီး ရွေးကောက်ပွဲအဆင့်ဆင့်တွင် မဲပေးခွင့် အကြိမ်ကြိမ်ရခဲ့သော်လည်း ယခုကျင်းပနေသည့် ဆယ်အိမ်မှူး၊ရာအိမ်မှူးရွေးချယ်ရာနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်ရာတို့၌ မဲပေးခွင့်မရရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်သူများကဆိုသည်။

"ကျွန်တော်တို့အနေနဲ့ အဓိကပြောချင်တာက မဲပေးခွင့်ဆုံးရှုံးတယ်။ ရွေးချယ်ပိုင်ခွင့်ဆုံးရှုံးနေတယ်ဆိုတာကို ပြောချင်တာ။ အရင်က ရွေးကောက်ပွဲတွေတုန်းက မဲပေးခွင့်ရခဲ့တယ်။ အခုရွေးကောက်ပွဲမှ ကျွန်တော်တို့ရွာက ပြည်ထဲရေးအမည်မပေါက်လို့ဆိုပြီး မဲပေးခွင့်မရတော့တာပဲ"ဟု ဦးကျော်မြတ်ဦးက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ပြည်ထဲရေးအမည်ပေါက်ရရှိစေရန်အတွက်လည်း ဒေသခံများအနေဖြင့် ၂၀၁၃ခုနှစ်ခန့်မှစတင်၍ ယနေ့အချိန်ထိ ဝန်ကြီးဌာနအဆင့်ဆင့်သို့ တင်ပြမှုများပြုလုပ်ထားသည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်သူများကဆိုသည်။

နန်းဦးလွင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲအား ဒီဇင်ဘာလ ၂၄ ရက်တွင်ပြုလုပ်သွားမည်ကို ကုန်းတန်းကျေးရွာမှ ကန့်ကွက်သွားမည်ဟုလည်း သတင်းစာရှင်းလင်းပွဲပြုလုပ်သူများက ဆိုသည်။

ပုသိမ်ကြီးမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးက "ဒီကိစ္စကျွန်တော် ဘာမှမသိသေးဘူး။ သူတို့စာတင်တာလည်း ကျွန်တော်ဆီမရဘူး။ မဲပေးခွင့်မရတာတော့ ဥပဒေ တစ်ခုခုနဲ့မညီလို့ဖြစ်မယ်။ သူတို့တွေ့ပြီးမှ ဘာလုပ်ရမယ်ဆိုတာ သိမယ်"ဟုပြောသည်။

ဒေသခံများအနေဖြင့် မဲပေးခွင့်ရရှိစေရန်အတွက် ယနေ့ သတင်းစာရှင်းလင်းပွဲအပြီးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် သွားရောက်တွေ့ဆုံသွားမည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်သူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly