နှစ်သစ်ကူးမှာ အရသာတွေ့စေမယ့် ၀က်သားဆလတ်

နှစ်သစ်ကူးမှာ အရသာတွေ့စေမယ့် ၀က်သားဆလတ်

မင်္ဂလာပါ….

နှစ်ကူးရက်လေးလဲနီးလာပြီဆိုတော့ လွယ်လွယ်ကူကူနဲ့ အရသာရှိတဲ့ ၀က်သားဆလပ်လေး လုပ်စားဖြစ်ပါတယ်။ လုပ်နည်းလေးမျှဝေပေးမယ်နော်။ ချဉ်ငံစပ်အရသာကိုမှ အသီးအနှံလေးတွေ စုံလေ စားကောင်လေဆိုတော့ ဒီတိုင်းလေးပဲစားစား အမြည်းလေးပဲလုပ်လုပ် အရမ်းအဆင်ပြေပါတယ်။

၀က်ဆလပ်လုပ်ဖို့လို အပ်တာကတော့ အဆီအသားမျှတဲ့ ၀က်ပေါင်သားလေးအရင်ရွေးချယ်ဖို့လိုအပ်ပါတယ်။

၀က်သား ၃၀သား

သကြား

တရုတ်မဆလာ

ငရုတ်သီးစိမ်း

ဆလပ်ရွက်

ကြက်သွန်ဖြူ

နံနံပင်

သခွားသီး

သံပုရာသီး

ခရမ်းချဉ်သီး

ငံပြာရည်

ခရုဆီ

ပဲငံပြာရည်

ကရဝေးရွက်

နှစ်သက်ရာ ငရုတ်ဆီ အနည်းငယ်စီလိုအပ်ပါတယ်။

အရင်ဆုံး ၀က်သား အတုံးလိုက်ကိုရေဆေး ရေစစ်ထားပါ။ ရေခြောက်သွားရင် ၀က်သားတုံးကို  အစူးချွန်လေးတွေနဲ့ လိုက်ပေါက်ပေးပါ။ ပြီးရင်တော့ဆား၊  ငါးငံပြာရည် ၊ ပဲငံပြာရည်၊ သကြား ၊ခရုဆီ ၊ကရဝေးရွက်၊  တရုတ်မဆလာတို့နဲ့နာနာနယ်ပြီး ၁နာရီလောက်နှပ်ထားပါ။ပြီးရင်တော့ အိုးထဲထည့် ရေ မမြုပ်တမြုတ်ထည့်ပြီး ပြုတ်ပါ။

ပြုတ်လို့ ၁၀မိနစ်လောက်ကြာရင်တော့  အကျက်ညီအောင် ဟိုဖက်ဒီဖက် လှန်ပြီး နောက် ၁၀မိနစ်လောက်ထပ်ပြုတ်ပါ။ ရေခမ်းပြီး အသားကျက်ပြီဆိုရင်တော့ အအေးခံပြီး ပါးပါးလှီးပါ။တကယ်လို့ဒီတိုင်းမစားချင်ဘူးဆိုရင် ကြွပ်အောင် ဆီပူလေးနဲ့ ပြန်ကြော်လို့လည်းရပါတယ်။

ပြီးရင်တော့ ၀က်သားနဲ့တို့စားဖို့ အချဉ်ရည် စပ်စပ်လေးဖျော်ပါမယ်။ အခုတော့ အချဉ်ရည်ဖျော်ဖို့ကြိတ်စက်အသုံးပြုပါတယ် ဒါမှ အားလုံးကျေညက်တဲ့ အချဉ်ရည်လေးရမှာပါ။ ငရုတ်သီးစိမ်း နံနံပင် ငါးငံပြာရည် ကြက်သွန်ဖြူတစ်ဥ နဲ့ သံပုရာသီး တစ်လုံး အရည်ညှစ် ပြီး ကြိတ်ပါ။ပြီးရင် နှစ်သက်ရာ ငရုတ်ဆီ စတီးဇွန်း ၂ဇွန်း ထပ်ထည့်မွှေပါ။အရသာ အပေါ့အငန်မြည်းပြီး တခြားအသီး အနှံလေးတွေနဲ့ ပြင်ဆင်ထားပါ။

အချဉ်ရည်ရပြီ ဆိုရင်တော့ ၀က်သားလေးတွေကို ခင်းပြီးပြင်ဆင် စားလို့ရပါပြီ။ သံပုရာနံ့မွှေးမွှေးလေးနဲ့ ရိုးရှင်းလွယ်ကူတဲ့ ၀က်ဆလပ်လေးပါ။

ဆလပ်ရွက်လေးထဲ ၀က်သား အချဉ်ရည် အသီးအရွက်လေးတွေထည့်ပြီး ၀ါးကြည့်လိုက်တာနဲ့ ၀က်သားအချိုအရသာ အသီးအရွက်လေးတွေရဲ့လတ်ဆတ်မှု ချဉ်ငံစပ်အချဉ်ရည်လေးရဲ့အရသာတွေစုပြုံပြီး မရပ်မနားထပ်စားချင်စိတ်ပေါက်သွားမှာပါ။ ၀က်သားမကြိုက်ဘူးဆိုရင် တခြားပင်လယ်စာ ငါး အမဲ ကြက်သားတွေ နဲ့လဲ ဒီလိုလေးလုပ်စားလို့ ရပါတယ်။ ပေစိလက်ရာ အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly