လူငယ်နဲ့ စစ်နဲ့ငြိမ်းချမ်းရေး ၂

လူငယ်နဲ့ စစ်နဲ့ငြိမ်းချမ်းရေး ၂

မနေ့တုန်းက ကျနော်တို့ဆွေးနွေးခဲ့တာ ရှိပါတယ်။

အသက် ၂၀ ၀န်းကျင်လူငယ်တွေဟာ နှစ်သက်တမ်း ၆၀ ကျော်ရှိလာပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီးနဲ့ ဘယ်လိုမှမပတ်သက်ခဲ့ပါပဲနဲ့ အဲဒီစစ်ကြီးရဲ့အကျိုးဆက်တွေ ခံစားနေကြရတဲ့အကြောင်း၊ ရှေ့လူကြီးတွေရဲ့ တာဝန်ပျက်ကွက်မှုနဲ့ အသိညာဏ်ပညာနည်းပါးမှု၊ ကိုယ်ကျိုးဦးစားပေးအတ္တကြီးမှုတွေကြောင့်ဖြစ်လာရတဲ့ ပြည်တွင်းစစ်ကြီးဆိုတဲ့ သမိုင်းအမွေဆိုးကို လက်မခံသင့် လက်မခံချင်ပါဘဲ လက်ခံလိုက်ကြရတဲ့အကြောင်းနဲ့ ဒီစစ်ကြီး ထာဝရချုပ်ငြိမ်းသွားရအောင် ဒီကနေ့ခေတ်လူငယ်တွေ ၀င်ရောက်ဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။

စစ်ပွဲရယ်လို့ဖြစ်လာရင် ပထမဆုံး ကျဆုံးသွားရတဲ့အရာက ဘာဖြစ်မလဲ။ အမှန်တရားနဲ့ မေတ္တာတရားဆိုတဲ့အရာတွေဟာ ပထမဆုံးကျဆုံးသွားတဲ့အရာတွေပါပဲ။ အမှန်တရား ကျဆုံးသွားပြီဆိုတာနဲ့တပြိုင်နက် လောကဟာ အမှောင်တိုက်အသွင်းခံလိုက်ရပြီး လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေလည်း ပျက်စီးတော့တာပါပဲ။ မေတ္တာတရား ဆိုတဲ့ ကိုယ်ချင်းစာတရားလည်းပဲ မှေးမှိန်ပျက်ပြားသွားရပြီး သူ့ကို အရင်ဦးအောင်သတ်မှ ကိုယ့်အသက်ချမ်းသာရာရမယ်ဆိုတဲ့ အဟိတ်တိရစ္ဆာန်ဝါဒကြီး လွှမ်းမိုးတော့တာပါပဲ။

စစ်ပွဲရယ်လို့ဖြစ်လာရင် အပြင်းထန်ဆုံး ခံစားကြရတဲ့သူတွေကကော ဘယ်သူတွေလဲ။ စစ်ပွဲနဲ့ မပတ်သက် မသက်ဆိုင်တဲ့ မိန်းမသားတွေ၊ အဖိုးအိုအဖွားအိုတွေနဲ့ ကလေးသူငယ်တွေပါပဲ။ စစ်ပွဲတွေက မိန်းမသားနဲ့ ကလေးသူငယ်တွေ၊ အသက်ကြီးရင့်သူတွေကို ဒုက္ခကွင်းပြင်ထဲ မောင်းထုတ်လိုက်ကြတဲ့သဘောပါပဲ။ စစ်ပွဲတွေဟာ အမုန်းတရားနဲ့အာဃာတရားတွေကလွဲပြီး တခြား ဘာကိုမှမွေးထုတ်မပေးနိုင်ပါဘူး။

စစ်ပွဲတွေရဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အစရှိတဲ့ ဘဝရဲ့မရှိမဖြစ် လိုအပ်ချက်တွေလည်းပဲ တဆက်တစပ်တည်း ရပ်တန့်သွားကြရ၊ ပြိုကျပျက်စီးသွားရတဲ့ ဆိုးကျိုးတွေဟာ အချိန်နဲ့အမျှ ရောက်လာတော့တာပါပဲ။

စစ်မှာ ကောင်းတဲ့စစ်ရယ်လို့ မရှိပါဘူး။ ဒါကြောင့်မို့ ရှေ့ကဖြစ်လာခဲ့တဲ့ သမိုင်းအမွေဆိုးကို ဒီကနေ့လူငယ်တွေလည်း ခံစားရတာ အသာထားပြီ ဒီပြည်တွင်းစစ်ကြီး ဒီလူငယ်တွေလက်ထက်မှာပဲ အပြီးအပိုင်ချုပ်ငြိမ်းအောင် ဆောင်ရွက်ဖို့တာဝန်ဟာ အဲဒီလူငယ်တွေရဲ့ပခုံးပေါ် ကျလာခဲ့ပြိီလို့ ဆိုရပါလိမ့်မယ်။ ဒီကနေ့လူငယ်တွေဟာ နောင် မိမိတို့ရဲ့မျိုးဆက်တစ်ခုလုံးအတွက် ဒီစစ်ကြီးကို ဆက်လက် လက်မကမ်းမိလေအောင် မီးကုန်ယမ်းကုန်ကြိုးစားသင့်ပါတယ်။ ဒီကနေ့ လူငယ်တွေကံဆိုးသလို နောက်မျိုးဆက်တွေ ကံမဆိုးရလေအောင် လူသားတာဝန်ကျေပွန်ရလေအောင် ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းသွားရလေအောင် နည်းလမ်းရှာကြရပါလိမ့်မယ်။

ဒီလိုနည်းလမ်း ရှာကြတဲ့အခါ ပထမဦးဆုံး လုပ်သင့်တဲ့အလုပ်ဟာ မိမိတို့လူငယ်များကိုယ်တိုင်က ဒီပြည်တွင်းစစ်ကြိီးဟာ ငါတို့ကြောင့်ဖြစ်လာတာမဟုတ်ဘူး၊ ငါတို့နဲ့ မသက်ဆိုင်တဲ့အရာ၊ ငါတို့တာဝန်မရှိတဲ့အရာကြီးသာဖြစ်တယ်ဆိုတာ ရှင်းရှင်းပြတ်ပြတ်မြင်သင့်ပါတယ်။ ဒီအခြေခံပေါ်မှာမူတည်ပြီး ဒီပြည်တွင်းစစ်ကြီးနဲ့ မပတ်သက်အောင်နေကြရပါမယ်။ ပြည်တွင်းစစ်ကြီးနဲ့ ကင်းကင်းကွာကွာ နေနိုင်ဖို့ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ကြရပါလိမ့်မယ်။ ပြည်တွင်းစစ်ကြီးထဲ ကိုယ်ထိလက်ရောက် ပါ၀င်လာရအောင် ဘယ်သွေးဆောင်ဖျားယောင်းမှုကိုမဆို ငြင်းပယ်ကြရပါမယ်။ တိုတိုနဲ့ရှင်းရှင်းပြောရရင်တော့ ပြည်တွင်းစစ်ကြီးကို ဆန့်ကျင်တဲ့စိတ် ထားနိုင်ကြရပါမယ်။

အဲဒီကမှတဆင့် ပြည်တွင်းစစ်ကြီးထဲ ဆွဲသွင်းခံကြရတော့မယ့် ဘဝတူလူငယ်တွေကို သတိပေးကြရ ရှင်းပြကြရပါမယ်။  ပြီးတော့ စစ်ပွဲတွေကြောင့်ဖြစ်လာရတဲ့ အနိဋ္ဌာရုံတွေကို လူအများသိရှိလက်ခံလာအောင် ကြိုးစားကြရပါမယ်။ စစ်ကိုဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကိုသာလိုလားတဲ့သဘောဆန္ဒကို ဖေါ်ပြကြရပါမယ်။ သက်ဆိုင်ရာ မီဒီယာတွေကတဆင့်၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကတဆင့်၊ သက်ဆိုင်ရာ ငြိမ်းချမ်းအရေးအဖွဲ့အစည်းတွေကတဆင့် ပြည်တွင်းစစ် ဆန့်ကျင်ရေး၊ ပြည်တွင်းစစ်နဲ့ မပတ်သက်ရေး၊ ပြည်တွင်းစစ်ရဲ့သားကောင်မဖြစ်ရေး သဘောထားတွေ ပေးကြရပါလိမ့်မယ်။

စစ်ပွဲတွေဟာ လူများစုကြီးရဲ့အကျိုးကိုသာ ထိခိုက်စေပြီး နယ်ပယ်အားလုံးရဲ့ဖွ့ံဖြိုးမှုကို ရိုက်ချိုးဖျက်ဆီးနေတဲ့ အရာကြီးသာဖြစ်တယ်ဆိုတာ အခါအခွင့်သင့်တိုင်း အများသိအောင် ဆောင်ရွက်ကြရပါမယ်။ ငြိမ်းချမ်းရေး စည်းရုံးလှုံ့ဆော်မှု လှုပ်ရှားမှု နည်းပေါင်းစုံ ရှာကြံဆောင်ရွက်ကြရပါမယ်။

စစ်ပွဲနဲ့တိုက်ရိုက်ပတ်သက်နေသူတွေကို ကန့်ကွက်တဲ့အကြောင်း မိမိတို့က ပြည်တွင်းစစ်ကို မလိုလားတဲ့အကြောင်း ပြဿနာတွေကို မေတ္တာရှေ့ထား ငြိမ်းချမ်းတဲ့နည်းနဲ့သာ ညှိနှိုင်းအဖြေရှာကြဖို့ အချိန်တိုင်း တောင်းဆိုနေကြရမှာဖြစ်ပါတယ်။

စစ်ပွဲတွေဟာ နိုင်ငံရေးပြဿနာတွေကို အမြင့်ဆုံးဖြေရှင်းတဲ့နည်းဆိုတာ မမှန်ကန်တဲ့အကြောင်း တကယ်တော့ စစ်ပွဲတွေနဲ့ဖြေရှင်းခြင်းဟာ နိုင်ငံရေးပြဿနာတွေ အဆင့်နိမ့်ဖြေရှင်းနည်းနဲ့ဖြေရှင်းခြင်းသာဖြစ်ကြောင်း၊ မေတ္တာကိုအခြေမခံဘဲ အဓမ္မကိုသာအခြေခံတဲ့ ဖြေရှင်းနည်းသာဖြစ်ကြောင်း ရှင်းပြကြရပါမယ်။

ကမ္ဘာကြီးဟာ မတူကွဲပြားတဲ့ အသားအရောင်နဲ့ အယူဝါဒမတူကြတဲ့လူတွေ စုပေါင်းနေထိုကြတာဖြစ်လို့ မတူသူအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဟာ ကမ္ဘာကြီးတည်တန့်ဖွံ့ဖြိုးရေးအတွက် အမှန်ကန်ဆုံး အခြေခံအာမခံချက်ဖြစ်ကြောင်း၊ လူမျိုးတစ်မျိုး ကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားအောင် ပါးစပ်တွေ ထာဝရပိတ်သွားအောင်လုပ်ပြီးမှသာ ကျန်လူမျိုးတစ်မျိုး ရပ်တည်လို့ရမယ်ဆိုတဲ့အယူအဆဟာ အဟိတ်တိရစ္ဆာန်သာသာ အယူအဆသာဖြစ်ပြီး လက်တွေ့လည်းမကျ သဘာဝကိုဆန့်ကျင်လွန်းရာကျကြောင်း၊ လူသားရဲ့အတွေးအခေါ်အယူအဆ နိမ့်ကျမွဲကျမှုကို ဖေါ်ပြရာရောက်ကြောင်း လူတိုင်းကို ရှင်းပြကြရပါမယ်။

ဒါကြောင့်မို့ စစ်ပွဲတွေ ချုပ်ငြိမ်းမှုဟာ ငြိမ်းချမ်းရေးရဲ့ တစ်ခုတည်းသောအာမခံချက်ဖြစ်တာမို့ လူငယ်တွေဟာ ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းဖို့အတွက် မတူသူတွေအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအယူအဆကို ကျနစွာ အလေးအနက်ထားကြရပါမယ်။

ပြဿနာတွေကိုဖြေရှင်းတဲ့အခါ လက်နက်နဲ့အကြမ်းဖက်ဖြေရှင်းနည်းကို ဘယ်တော့မှ အားမကိုးသင့်တဲ့အကြောင်း၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာသည့်နည်းကိုသာ အသုံးပြုသင့်ကြောင်း အချိန်ပြည့် ရှင်းပြနေကြရပါမယ်။

နိဂုံးမချုပ်ခင် နောက်ဆုံးအကြံပြုချက်တစ်ခုတော့ လူငယ်တွေကို သတိပေးခဲ့ချင်ပါတယ်။

စစ်ပွဲတွေဟာ လူများစုကြီးကို အကျိုးရုပ်စေတာ အမှန်ဖြစ်ပေမယ့် တိုင်းပြည်တစ်ခုလုံးရဲ့ အကျိုးစီးပွား ပျက်စီးစေတာအမှန်ဖြစ်ပေမယ့် အဲဒီစစ်ပွဲတွေကြောင့်ပဲ အခွင့်အာဏာ အကျိုးစီးပွား ဖြစ်ထွန်းကြရတဲ့ လူတစ်စုတော့ ရှိကောင်းရှိနေနိုင်ပါတယ်။ အကယ်၍များ စစ်ပွဲတွေကြောင့်သာ အဲသလိုအကျိုးစီးပွားဖြစ်ထွန်းသူတွေ ရှိနေခဲ့မယ်ဆိုရင်တော့ လူငယ်တွေဟာ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်ကြတဲ့အခါ၊ စစ်ပွဲတွေ ထာဝရချုပ်ငြိမ်းသွားအောင် ဆောင်ရွက်ကြတဲ့အခါ  စစ်ပွဲဖန်တီးပြီး အကျိုးစီးပွားရှာကြတဲ့လူတစ်စုရဲ့ရန်ကိုလည်း သတိ၀ီရိယထားပြိီး စောင့်ကြည့်ကာကွယ်ရင်း ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ကြဖို့လည်း အထူးလိုအပ်ကြောင်း သတိပေးနှိုးဆော်လိုက်ပါတယ်။

ဒီကနေ့ခေတ်လူငယ်တွေရဲ့လက်ထက်မှာပဲ ပြည်တွင်းစစ်ကြီး ထာဝရချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်ကြပါစေ။

စစ်ပွဲဟူသမျှ ကမ္ဘာမြေပေါ်က ထာဝရချုပ်ငြိမ်းပပျောက်ပါစေ။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly