ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲမှာ ထိုင်းကို ဂိုးပြတ်အနိုင်ယူပြီး မြန်မာအသင်း တတိယရ

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲမှာ ထိုင်းကို ဂိုးပြတ်အနိုင်ယူပြီး မြန်မာအသင်း တတိယရ
(ဓာတ်ပုံ - MFF)

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ဒီဇင်ဘာ ၂၂ ရက်က ကျင်းပရာ မြန်မာ ယူ-၂၁ အသင်းက ထိုင်း ယူ-၂၁ အသင်းကို လေးဂိုး နှစ်ဂိုးဖြင့် ဂိုးပြတ် အနိုင်ယူပြီး တတိယနေရာကို ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ ယူ-၂၁ အသင်းရဲ့ ပွဲထွက်စာရင်းမှာ ဂိုး- ဘုန်းသစ္စာမင်း၊ နောက်တန်း - ကျော်သူထွန်း၊ ရဲရင့်အောင်၊ ဝင်းမိုးကျော်၊ သန်းထိုက်ဇင်၊ အလယ်တန်း၊ မြတ်ကောင်းခန့်၊ စိုးလွင်လွင်၊ ကျော်မြင့်ဝင်း၊ ဟိန်းထက်အောင်၊ ရှေ့တန်း - ရွှေကို၊ အီစိုးတို့ဖြင့် ထိုင်းအသင်းကို ရင်ဆိုင်ခဲ့ပါတယ်။

မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ နှစ်မိနစ်မှာပင် ရွှေကိုက သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် (၂၂) မိနစ်တွင် ထိုင်းအသင်းမှ Nattawut Suksum က ချေပဂိုး သွင်းယူပေးခဲ့ပြီး မြန်မာအသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးကို ကျော်မြင့်ဝင်းက ပွဲချိန် (၃၆) မိနစ်မှာ သွင်းယူပေးခဲ့တဲ့အတွက် ပထမပိုင်းအပြီး မြန်မာ အသင်းက နှစ်ဂိုး တစ်ဂိုးတဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ထိုင်းအသင်းက ချေပဂိုးရရှိဖို့ တိုက်စစ်ဆင်ကစားလာခဲ့ပေမယ့် မြန်မာအသင်း နောက်တန်းမှ စနစ်တကျ တားဆီးထားနိုင်ခဲ့ပါတယ်။ မြန်မာအသင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုများ ပြုလုပ်နိုင်ခဲ့ပေမယ့် ထိုင်းအသင်း ဂိုးသမား ကာကွယ်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် (၈၁) မိနစ်မှာ ထိုင်းအသင်းအတွက် ဒုတိယ ချေပဂိုးကို Ritthidet Phensawat က သွင်းယူပေးခဲ့ပါတယ်။

ချေပဂိုး ပေးရပြီးနောက်ပိုင်း မြန်မာအသင်းက တိုက်စစ်မြှင့်တင်ကစားလာခဲ့ရာ ပွဲချိန် (၈၅) မိနစ်မှာ ကျော်မြင့်ဝင်းက တတိယဂိုး၊ ပွဲချိန် (၈၆) မိနစ်မှာ အီစိုးက အနိုင်သေချာစေမယ့် စတုတ္ထဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ မြန်မာ ယူ-၂၁ အသင်းက ထိုင်း ယူ-၂၁ အသင်းကို လေးဂိုး နှစ်ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။

မြန်မာ ယူ-၂၁ အသင်း လက်ထောက်နည်းပြ ဦးချစ်နိုင်က “ဒီနေ့ပွဲအနိုင်ရလဒ်အတွက် ဝမ်းမြောက်မိပါတယ်။ ဒီနေ့ပွဲအတွက် ကျွန်တော်တို့ ကြံ့ခိုင်မှုပိုင်းကို အသားပေးပြီး လေ့ကျင့်ထားခဲ့တယ်။ ပြီးတော့ ထိုင်းအသင်းရဲ့ အားနည်းတဲ့ နောက်တန်းအစွန်တွေကို ကျနော်တို့ မြန်တဲ့ ကစားသမားတွေက အခွင့်ကောင်းယူနိုင်ခဲ့တဲ့အတွက် အနိုင်ရရှိခဲ့တာပါ” ဟု ပြောကြားသွားခဲ့ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly