ရခိုင်တွင် ချင်းစိုက်၍ ဘင်္ဂလားဒေ့ရှ်တင်ပို့နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်နေ

ရခိုင်တွင် ချင်းစိုက်၍ ဘင်္ဂလားဒေ့ရှ်တင်ပို့နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်နေ
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ချင်း စိုက်ပျိုးတောင်သူအချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - USAID)

စစ်တွေ၊ ဒီဇင်ဘာ ၂၂ ရက်။ ရခိုင်ပြည်နယ်တွင်  ယခင်က စိုက်ပျိုးခြင်း လုံးဝမရှိခဲ့သော “ချင်း” (အချို့အခေါ် ဂျင်း) ကို လာမည့် မတ်လမှ စတင်ကာ စမ်းသပ်စိုက်ပျိုးသွားမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

စမ်းသပ်စိုက်ပျိုးခင်းကို ပြည်နယ်၏ မြို့နယ် ၄ ခုဖြစ်သော ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် စတင် အကောင်ထည်ဖော်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့မှ ရွေးချယ်ထားသည်။

“ရခိုင်ပြည်နယ်မှာ ချင်း(ဂျင်း) စိုက်ပျိုးလို့ရမယ့် မြေခံ၊ ရေခံ အနေအထားတွေ တွေ့ရှိတဲ့အတွက် မြို့ ၄ ခုမှာ ချင်းစိုက်ဖို့ အားထုတ်နေတယ်။ အောင်မြင်ရင်တော့ ပြည်နယ်အတွက် ဝင်ငွေကောင်းမယ်ပေါ့။ စိုက်ပျိုးရေးအတွက် အစိုးရနှင့် စက်မှုလက်မှုလုပ်ငန်းရှင်တွေ ပေါင်းပြီးတော့ လုပ်မှာပါ။ ဘင်္ဂလားဒေ့ရှ်ကို ရှမ်းပြည်က ချင်းတွေကိုပဲ တင်ပို့နေရတယ်။ မလုံလောက်ဘူး။ ဒါကို ရခိုင်ပြည်နယ်မှာ စိုက်ပြီးတော့ ပို့လို မရနိုင်ဘူးလားဆိုပြီးတော့ အစမ်းစိုက်ပျိုးသွားမှာပါ။” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

စိုက်ပျိုးခင်းများ အောင်မြင်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။

ချင်းများကို စိုက်ပျိုးရာတွင် တစ်ဧကလျှင် ကုန်ကျစရိတ်သည် ၁၀ သိန်းနှင့် ၁၅ သိန်းကြားတွင် ရှိနေပြီး စိုက်ပျိုး အောင်မြင်လာပါက လက်ရှိ ချင်းစျေးကွက်ပေါက်စျေးအရ တစ်ဧကလျှင် ပျည်းမျှအားဖြင့် သိန်း ၄၀ နှင့် ၅၀ အထိ ရရှိလာနိုင်ကြောင်း ဝန်ကြီး ဦးကျော်အေးသိန်းက ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာအစိုးရအနေဖြင့် ရှမ်းပြည်နယ်တွင် စိုက်ပျိုးနေသည့် ချင်းကို ဘင်္ဂလားဒေ့ရှ့်နိုင်ငံကို နှစ်စဉ်တင်ပို့မူမှ အမေရိကန်ဒေါ်လာ သုံးသန်းခန့် ဝင်ငွေ ရရှိနေပြီး ပြည်တွင်းစားသုံးနေမူအပြင် ယင်းနိုင်ငံသို့ပင် လုံလောက်အောင် တင်ပို့နိုင်ခြင်းမရှိသေးဟု ကုန်သွယ်မှု မှတ်တမ်းများအရ သိရသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း၌ စိုက်ပျိုး အောင်မြင်လာမည်ဆိုပါက တစ်ဘက်နိုင်ငံသို့ လုံလောက်စွာ တင်ပို့နိုင်မည် ဖြစ်သလို စီးပွားရေးအရလည်း တွက်ခြေကိုက်နိုင်သဖြင့် ချင်းစိုက်ပျိုးနိုင်မည့် ပထဝီအနေအထားကို ရွေးချယ်လျက် စတင်စမ်းသပ်စိုက်ပျိုးရန် စီမံကိန်းရေးဆွဲရခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly