ပြည်နယ်လွှတ်တော်အမတ်များ၏ စွပ်စွဲချက်များကို ရခိုင်စည်ပင်ဝန်ကြီး ငြင်းဆို

ပြည်နယ်လွှတ်တော်အမတ်များ၏ စွပ်စွဲချက်များကို ရခိုင်စည်ပင်ဝန်ကြီး ငြင်းဆို
ဓာတ်ပုံ - ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင် Facebook

 

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ။              ။ ပေးအပ်သောတာဝန်များမကျေပွန်ဟုဆိုကာ ရခိုင်ပြည်နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် (၁၇) ဦး၏စွပ်စွဲ ပြစ်တင်ချက်များသည် ၄င်းနှင့် မကိုက်ညီသည့် အတွက် ငြင်းဆိုထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောဆိုလိုက်သည်။

အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့က  စည်ပင်ဝန်ကြီးအားစစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်တွင် အစီရင်ခံစာကို ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ထံသို့တင်ပြခဲ့သည်။

“ သူတို့စွပ်စွဲနိုင်တဲ့အချက် ၅ ချက်ရှိတာကိုး။ အဲဒါတွေနဲ့ မကိုက်ညီဘူးလို့ကျွန်တော်ကတော့ ပယ်ချထားတာပေါ့ “  ဟု၄င်းကဆိုသည်။

စုံစမ်းစစ် ဆေးရေးအဖွဲ့ကို ပြည်နယ်ဝန်ကြီးတစ်ဦးအပေါ် စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ (ဂ) အရ ဒီဇင်ဘာ ၅ ရက်တွင် လွှတ်တော် ဥက္ကဋ္ဌက ဖွဲ့စည်းပေးခြင်းဖြစ် ပြီး စစ်ဆေးတွေ့ရှိချက်များကို လွှတ်တော်ထံပြန်လည်တင်ပြရမည်ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး ဦးမင်းအောင်က “ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာအပေါ်မှာ လွှတ်တော်ဥက္ကဋ္ဌရဲ့အဆုံးအဖြတ်ပေါ်မှာပဲမူတည်တယ်။ တင်တဲ့အစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌဖတ်မယ် ပြီးရင် ဥက္ကဋ္ဌက လွှတ်တော်မှာ သင့်တော် မသင့်တော် သူပဲဆုံးဖြတ်ရမှာ “ ဟု ပြောသည်။

လွှတ်တော်သို့တင်ပြသည့်အချိန်တွင် ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံမှ တာဝန်ဆက်လက်ထမ်းဆောင်ဖို့ မသင့်ဟု ဆုံးဖြတ်ပါက လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ အစီရင်ခံရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတမှ ဝန်ကြီးအား ရာထူးမှ ရပ်စဲရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြ ထားသည်။

ထို့ကြောင့် လာမည့် အနီးစပ်ဆုံး ရခိုင်ပြည်နယ် လွှတ်တော်တွင် စစ်ဆေးတွေ့ရှိချက်များကိုတင်ပြကာ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်အား ဆက်လက်တာဝန်ထမ်းဆောင်ရန်သင့်၊ မသင့် ဆုံးဖြတ်ကြမည်ဖြစ်သည်။

ဦးမင်းအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အမတ်တစ်ဦးလည်းဖြစ်ခဲ့သည်။ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းများ ကြောင့်   နိုင်ငံတော်နှင့် ပြည်သူတို့ အကျိုးစီးပွားကို ထိခိုက်နစ်နာဆုံးရှုံးမှု များရှိနေသည်ဟုဆိုကာ လွှတ်တော်အမတ် ၁၇ ဦးကဒီဇင်ဘာလဆန်းပိုင်းတွင် စွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly