လူငယ်နဲ့ စစ်နဲ့ငြိမ်းချမ်းရေး ၁

လူငယ်နဲ့ စစ်နဲ့ငြိမ်းချမ်းရေး ၁

 

မြန်မာနိုင်ငံရဲ့အဓိက ပြဿနာက ဘာလဲ။ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် မဆောင်ရွက်နိုင်ခြင်းပါပဲ။ ဒီပြည်တွင်းစစ်အပေါ်မူတည်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားမှုနဲ့  ဆင်းရဲမွဲတေမှု ပပျောက်ရေးကိစ္စတွေဟာ တနွယ်ငင်တံစဉ်ပါဆိုသလို ဆက်တိုက်ထိခိုက်လာခဲ့ကြရတာပဲ ဖြစ်ပါတယ်။

အသက် ၂၀ ၀န်းကျင်လူငယ်တွေဟာ မွေးဖွားလာတာနဲ့တပြိုင်နက် ပြည်တွင်းစစ်ကြီးကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်တိုးကြရပါတယ်။ အဲဒီစစ်ကြီးဆိုတာကလည်း သူတို့မမွေးဖွားခင်ကတည်းက အစွယ်အပွားစုံနေပြီဖြစ်တဲ့ ဘီလူးကြီးတစ်ကောင်လို လူငယ်တွေရဲ့ဘဝတွေကို အလွယ်တကူ ဖျက်ဆီးစားသောက်လို့ရတဲ့အနေအထား ဖြစ်နေခဲ့တာပါ။ ဒီလူငယ်တွေ မမွေးဖွားခင်ကတည်းက ဒီစစ်မီးကြီးတောက်လောင်နေခဲ့တာဖြစ်တဲ့အပြင် ဒီစစ်မီးကြီးရဲ့သက်တမ်းကလည်း တိုင်းပြည်လွတ်လပ်ရေးနဲ့အတူ ရှိလာနေခဲ့တာဖြစ်လို့ ပြည်တွင်းစစ်ဆိုတာကြိီးက အသားကျနေတာ ကြာပြီဖြစ်လို့ စစ်ပွဲကြီး ဖြစ်လို့ဖြစ်နေမှန်းမသိနိုင်လောက်အောင် စစ်ပွဲကြီး ရှိလို့ရှိမှန်းမသိနိုင်လောက်အောင် စစ်ပွဲကြီး စစ်နဲ့ပြည်သူတွေရဲ့ဘဝ တထပ်တည်းကျသလိုဖြစ်နေတာမို့ လူငယ်တွေဟာ တိုင်းပြည်ရဲ့အကြီးမားဆုံးပြဿနာအပေါ် မျက်စေ့မှောက်ကြရတာ ဆန်းတော့ မဆန်းလှပါဘူး။ လူငယ်တွေဟာ တချို့တချို့သော လူကြိီးတွေလို ဒီတိုင်းပြည်မှာ ပြည်တွင်းစစ်ဟာ အဓိက မဟာအခက်အခဲကြီးဖြစ်တယ်၊ ပြဿနာအားလုံးရဲ့အခရာဟာ ပြည်တွင်းစစ်ကြီးဖြစ်တယ်ဆိုတာ သတိမမူမိနိုင်လောက်အောင် စစ်နဲ့ယဉ်ပါးရတဲ့ဘဝမျိုးဖြစ်ကြရပါတယ်။ ပိုပြီး ဆိုးဝါးတဲ့အဖြစ်က အနာသိမှဆေးရှိမယ်ဆိုတဲ့စကားလို ဘာ့ကြောင့် ပြည်တွင်းစစ်မီးကြီးတောက်လောင်လာရတာလည်း၊ ခေတ်အဆက်ဆက် ပြည်တွင်းစစ်ရဲ့ အဓိကအခြေခံဇစ်မြစ်က ဘာလဲ၊ စစ်ကိုဖန်တီးနေသူတွေက ဘယ်သူတွေလည်း၊ ဒီစစ်မီးကြီး အပြီးတိုင်ချုပ်ငြိမ်းသွားရအောင် ဘယ်လိုဆောင်ရွက်ကြမလည်းဆိုတဲ့ အခြေခံအကြောင်းအရာတွေကိုကြတော့ လူငယ်တွေဟာ နားလည်ဖို့ ပိုပြီးခက်ခဲစေတဲ့အချက်ဟာ စိတ်ပူပန်ဖို့ကောင်းလောက်အောင် ဆိုးဝါးတဲ့အချက်တွေဖြစ်လာပါတယ်။

လက်ခံသည်ဖြစ်ပစေ လက်မခံသည်ဖြစ်ပစေ ဒီကနေ့လူငယ်တွေဟာ ကိုယ်ဖန်တီးလို့ဖြစ်လာရတာမဟုတ်တဲ့ အဲဒိီပြည်တွင်းစစ်ကြီးကို မလွဲမသွေ ဆက်ဆံလက်ခံကြရမှာကတော့ အသေအချာပါပဲ။ ဒီတော့ အနာသိမှ ဆေးရှိမယ်ဆိုတဲ့စကားအရဆိုရင် ဒီစစ်ကြီးလို့ဆိုတဲ့ တိုင်းပြည်အနာဆိုးကြီးအကြောင်း ဂဃနဏမသိပဲ ဒီစစ်မီးကြီးကို ဘယ်လိုပျောက်ကင်းအောင်လုပ်ကြမလည်း။

ပိုပြီး ခက်ခဲစေတဲ့ကိစ္စ ရှိပါသေးတယ်။ အဲဒါကတော့ လူငယ်တွေ လက်ခံသည်ဖြစ်ပစေ လက်မခံသည်ဖြစ်ပစေ။ လူငယ်တွေဟာ အဲဒီစစ်မီးကြီးအပေါ် ဘယ်လိုသဘောထားကြမလဲ။ ဘယ်လိုနေရာက ရပ်တည်ဆောင်ရွက်ကြမလည်း။ ဒီစစ်ပွဲကြီးအတွင်း လူငယ်တွေ ဘယ်ဘက်က ပါ၀င်ပတ်သက်သင့်သလဲ။ ဒီအချက်ကတော့ အင်မတန် အရေးကြီးပြန်ပါတယ်။

စစ်ပွဲရယ်လို့ဖြစ်လာရင် လူငယ်တွေဟာ သဘောထားတစ်ခုခုကိုတော့ မလွဲမသွေ ရွေးချယ်ရပ်တည်ကြရတော့မှာကလည်း မလွဲပါဘူး။ ဒါပေမယ့် ၀မ်းနည်းဖို့ကောင်းပြီး အင်မတန်ရှုပ်ထွေးစေတဲ့အချက်က ဒီတိုင်းပြည်မှာ စစ်ပွဲတွေရှိနေတယ် ပြည်တွင်းစစ်မီးကြီးတောက်လောင်နေတယ်ဆိုတာကို အတိအကျအပြည့်အဝ မသိရှိနိုင်လောက်အောင် သတိမထားမိနိုင်လောက်အောင် စစ်ပွဲကြီးအသားကျနေတဲ့အဖြစ် ကြာရှည်နေတဲ့အဖြစ်ဟာ တကယ့်ကို ၀မ်းနည်းဖို့ကောင်းတဲ့ အချက်ဖြစ်နေပြန်ပါတယ်။ ဒီတော့ကာ အနှစ်သာရအားဖြင့် စစ်ဖြစ်လို့ဖြစ်နေမှန်းမသိနိုင်လောက်အောင် ကိုယ်ယောင်ဖျောက်ထားတဲ့ ပြည်တွင်းစစ်ကို လူငယ်တွေအနေနဲ့ မြင်အောင်ကြည့်တတ်ရပါမယ်။ ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး အရှိကို အရှိအတိုင်း မြင်အောင်ကြည့်ကြရပါမယ်။ လက်ခံရပါမယ်။ ဒါမှသာ နောက်ဆက်တွဲ ပြဿနာတွေကို ဆက်လက်သတိပြုမိလာ နားလည်လာနိုင်ကြမှာဖြစ်ပါတယ်။ အနာရှိတယ်ဆိုတာသိမှ အနာအကြောင်းကိုလည်း ကောင်းကောင်းသိမှ ဘယ်ဆေးနဲ့ကုရမယ်ဆိုတာ စဉ်းစားရွေးချယ်နိုင်ကြမှာပါ။

ဒီနေရာမှာ အသားကျနေပြိီဖြစ်တဲ့ ဒီကနေ့လူငယ်တွေရဲ့ အသက်ထက်တောင်မှ အသက်ကြီးတဲ့ အတွေ့အကြံုဖြတ်သန်းမှု ပိုပြီးရင့်ကျက်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်မီးကြီးအကြောင်း သိအောင်စဉ်းစားရင် ဆန်စင်ရာ ကျည်ပွေ့လိုက်တဲ့နည်းကို ရှောင်ကြရပါမယ်။ စစ်ပွဲကြီးကြောင့်ဖြစ်လာရတဲ့ အနိဌာရုံတွေကိုပဲ ကြည့်ပြီး ဘယ်သူ့ကြောင့်ဖြစ်တာ ဘယ်သူက တရားခံဆိုတဲ့ တိုလွန်းကျဉ်းလွန်းတဲ့အမြင်မျိုး ထားလို့မဖြစ်ပါဘူး။ ဥပမာ လက်နက်ကိုင်ပဋိပက္ခဖြစ်တယ်ဆိုပါတော့ ဘက်နှစ်ဖက်ရှိတဲ့အနက် တဖက်ဖက်က အထိအခိုက်များတဲ့အခါ စစ်ပွဲတွေရဲ့ထုံးစံအရ ပရိယာယ်ပိုများတဲ့အခါ အထိအခိုက်များအောင်လုပ်တဲ့ဘက်နဲ့ ပရိယာယ်ပိုများတဲ့ဘက်က စစ်ပွဲရဲ့ အဓိကတရားခံဖြစ်တယ် ဒါကြောင့်မို့ ငါတို့ဟာ ခံရတဲ့ဘက်ကပဲ အပြတ်ရပ်တည်ကြမယ်ဆိုတဲ့ အမြင်လောက်နဲ့လည်း ဒီစစ်ပွဲကြီး အပြီးတိုင်ချုပ်ငြိမ်းအောင် လုပ်လို့ မရနိုင်ပါဘူး။ ပြည်တွင်းစစ်မီးကြီး ထာဝရငြိမ်းသွားဖို့ဆိုရင် လတ်တလော ဟိုနားသည်နား ထထဖြစ်နေတဲ့လက်နက်ကိုင်ပဋိပက္ခလောက်ပဲ ကွက်ပြီးကြည့်လို့ မလုံလောက်ပါဘူး။ အဲဒီ ဟိုနားသည်နား ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ အဓိက အနှစ်သာရ ပြည်တွင်းစစ်မီးကြီးရဲ့ အခက်အလက်ပြဿနာများစွာထဲက အခက်အလက်တစ်ခုပဲဖြစ်ပါတယ်။ ဒါကိုလည်း မှန်မှန်ကန်ကန် နားလည်လက်ခံနိုင်ရပါမယ်။

ဒီတော့ကာ စစ်ပွဲတွေရဲ့မူရင်းလက်ရင်းကို ရှာတတ်ကြည့်တတ်ရပါမယ်။ ဘယ်ဟာက ပင်ရင်း ဘယ်ဟာက အခက်အလက်ဆိုတာ ကွဲပြားအောင်ကြည့်ကြရပါမယ်။

မှန်ပါတယ်။ ပြည်တွင်းစစ်မီးကြီးအပြီးတိုင်ချုပ်ငြိမ်းအောင် လူငယ်တွေချည်း လုပ်လို့မရဘူးဆိုတာ မှန်ပါတယ်။ အင်မတန်ခက်ခဲမယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဒီပြဿနာကို လူငယ်တွေအနေနဲ့ ကျော်လွှားသွားလို့ကလည်း မဖြစ်ပါဘူး။ ကိုယ့်ကြောင့်ဖြစ်နေတာမဟုတ်ဘူးဆိုပြိီး လက်ရှောင်ကြမယ်ဆိုရင်လည်း ဒီစစ်မီးကြီးက ကိုယ့်ကိုပါ တိုက်စားလောင်ကျွမ်းသွားမှာပါပဲ။ ဒါကြောင့်မို့ ပြည်တွင်းစစ်ကြီး အပြီးတိုင်ချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးရဖို့ လူငယ်တွေမှာလည်း တာဝန်ရှိလာပါတယ်။ ရှောင်လွှဲလို့မရတဲ့ မဟာစိမ်ခေါ်မှုကြီးပါပဲ။

ကဲ ဒီကနေ့တော့ လူငယ်တွေအနေနဲ့ ပြည်တွင်းစစ်မီးကြီး ငြိမ်းသေသွားအောင် မလွဲမသွေ ပါ၀င်ဆောင်ရွက်ဖို့လိုတဲ့အကြောင်း စကားနိဒါန်းပျိုးခဲ့ပါတယ်။ နောက်နေ့ကြရင်တော့ လူငယ်တွေ ပြည်တွင်းစစ်မီးကြီး အပြိီးတိုင် ချုပ်ငြိမ်းစေဖို့ ဘယ်လိုရပ်တည်သင့်တယ် ဘယ်လိုပါ၀င်ဆောင်ရွက်သင့်တယ်ဆိုတဲ့အချက်ကို ဆက်ပြိီးဆွေးနွေးသွားပါ့မယ်။

နောက်တနေ့မှာ ပြန်ဆုံကြသေးတာပေါ့။

 

Mizzima Weekly