ခြိမ်းခြောက်မှုများကိုမသိကျိုးကျွန်ပြုကာ အမေရိကန်၏ဂျေရုစလင်ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂဝေဖန်

ခြိမ်းခြောက်မှုများကိုမသိကျိုးကျွန်ပြုကာ အမေရိကန်၏ဂျေရုစလင်ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂဝေဖန်

 

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၂ ။                    ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်ပြောဆိုမှုများကို မသိကျိုးကျွန်ပြုကာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအများစုသည် ဂျေရုစလင်မြို့အား အစ္စရေးတို့၏မြို့တော်အဖြစ် အသိအမှတ်ပြုသည့် ၀ါရှင်တန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြာသာပတေးနေ့က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။

 ကုလသမဂ္ဂမှပြုလုပ်သော အထွေထွေညီလာခံ၌ ဂျေရုစလင်မြို့ကို အစ္စရေးတို့၏မြို့တော်အဖြစ် အသိအမှတ် မပြုနိုင်ဟုဆိုသော အဆိုကိုမဲခွဲဆုံးဖြတ်ရာ၌ ၁၂၈ နိုင်ငံက အသိအမှတ်မပြုနိုင်ဟု မဲပေးခဲ့ပြီး ၉ နိုင်ငံက အသိ အမှတ်ပြုသည်ဟု မဲပေးခဲ့ကြကာ ၃၅ နိုင်ငံက ကြားနေမဲပေးခဲ့ကြသည်။

ဂွာတီမာလာ၊ ဟွန်ဒူးရပ်၊ မာရှယ်ကျွန်းစုများ၊ မိုက်ခရိုနီးရှား၊ နာအုရူ၊ ပါလာယူ၊ တိုဂို၊ အစ္စရေးနှင့် အမေရိကန် တို့က အသိအမှတ်ပြုသည်ဟု မဲပေးခဲ့ကြခြင်းဖြစ်သည်။

မဲမပေးဘဲ ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့ကြသောနိုင်ငံများထဲ၌  အာဂျင်တီးနား၊ သြစတြေးလျ၊ ကနေဒါ၊ ကိုလမ်ဘီယာ၊ ဟန်ဂေရီ၊ မက္ကစီကို၊ ပနားမား၊ ပါရာဂွေးနှင့် ပိုလန်နိုင်ငံတို့ ပါ၀င်ကြသည်။ ထိုသို့ကြားနေနိုင်ငံ များ ရှိနေခြင်းကိုက ၀ါရှင်တန်အစိုးရအတွက် အောင်မြင်မှုဖြစ်သည်ဟု အမေရိကန်သံအမတ်များက မှတ်ယူ လျက်ရှိသည်။

ကုလသမဂ္ဂအထွေထွေညီလာခံ၌ ယခုလိုမဲခွဲမဆုံးဖြတ်မီတစ်ရက်အလိုက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က “ဒီနိုင်ငံတွေအားလုံးက ကျနော်တို့ဆီကနေ ပိုက်ဆံကျတော့ယူသွားတယ်။ ပြီးကျတော့ လုံခြံုရေးကောင်စီမှာ ကျနော်တို့ကို ဆန့်ကျင်မဲပေးကြတယ်။ ညီလာခံမှာလည်း ဆန့်ကျင်မဲပေးကြတယ်။ သူတို့ကျနော်တို့ဆီကနေ ဒေါ်လာတွေဘီလျံနဲ့ချီပြီးတော့ယူကြတယ်။ ဒါပေမယ့် ကျနော်တို့ကိုဆန့်ကျင်မဲပဲပေးကြတယ်” ဟု ဗုဒ္ဓဟူးနေ့က ပြောဆိုဝေဖန်ထားခဲ့သည်။

ယခုလိုအသိအမှတ်မပြုနိုင်ဟူသောအဆိုကို လုံခြံုရေးကောင်စီ၌လည်း မဲခွဲဆုံးဖြတ်ခဲ့ဖူးပြီး အဖွဲ့ဝင် ၁၅ နိုင်ငံ ရှိသည့်အထဲမှ ၁၄ နိုင်ငံက အသိအမှတ်မပြုကြောင်းမဲပေးခဲ့ကြသော်လည်း အမေရိကန်တို့က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ဖူးသည်။

“ဒီလိုနေ့ကို အမေရိကန်ပြည်ထောင်စုဘက်ကနေ သေချာမှတ်ထားမှာပါ။ အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံ တစ်ခုအနေနဲ့ အခွင့်အရေးရှိရှိ ကျင့်သုံးတဲ့ကျမတို့ရဲ့ မူဝါဒတွေကို ယခုလိုအထွေထွေညီလာခံကျင်းပပြီး ဆန့်ကျင်တိုက်ခိုက်ခံရတဲ့ ဒီလိုနေ့မျိုးကို ကျမတို့ဘက်ကနေ တေးမှတ်ထားမှာပါ” ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေက ထရမ့်၏ခြိမ်းခြောက်သည့်လေသံအတိုင်း ထပ်မံပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly