ပထမဆုံး ရန်ကုန်ခရစ်စမတ်ပွဲ နေရာသုံးနေရာတွင် မီးအလှဆင်မည်

ပထမဆုံး ရန်ကုန်ခရစ်စမတ်ပွဲ နေရာသုံးနေရာတွင် မီးအလှဆင်မည်

 

ရန်ကုန်၊ဒီဇင်ဘာ၂၁ ။                      ။ ရန်ကုန်မြို့တွင် ကျင်းပမည့် ပထမဦးဆုံး ခရစ်စမတ်ပွဲတော်အတွက် မီးအလှဆင်ခြင်းကို ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ ဗိုလ်ချုပ်လမ်းနှင့် သိမ်ဖြူလမ်းထောင့်တို့အပြင် သခင်မြပန်းခြံ၌ပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း ခရစ်စမတ် ပွဲကျင်းပရေးကော်မတီမှ ကိုလားဇယ်(ခ)လာဇရုက ပြောသည်။

ခရစ်စမတ်ပွဲတော်အတွက် ပြင်ဆင်ထားမှုများကို ဒီဇင်ဘာ ၂၃ရက်နေ့တွင် ဖွင့်ပွဲလုပ်ပြုလုပ်မည်ဖြစ်ပြီး ဒီဇင်ဘာ ၂၄ရက် ၂၅ရက်နေ့များအထိ ကျင်းပသွားမည်ဖြစ်သည်။

မုခ်ဦးနှစ်ခုပါရှိမည်ဖြစ်ကာ ဗိုလ်ချုပ်စျေးအနီးတစ်ခု သိမ်ဖြူလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်အနီး တစ်ခုထားရှိမည်ဖြစ်သည်။

"တောက်လျောက်မှာကျွန်တော်တို့ Food Coner (၅)ခုရှိမှာဖြစ်ပါတယ်၊ Food Coner တွေအားလုံးကတော့ အခမဲ့ မုန့်ဝေမယ့် လက်ဆောင်ပေးမယ့်နေရာတွေဖြစ်ပါတယ်။ Food Conerတွေရဲ့ဘေးတွေမှာ ဓာတ်ပုံရိုက်တဲ့ Photo Booth(ဓာတ်ပုံရိုက်ရန်အလှဆင်ထားသည့်နေရာ) လေးတွေရှိမှာဖြစ်ပါတယ် ။ အဓိကရည်ရွယ်ချက်ကတော့ ညဘက်မှာအပန်းဖြေဖို့ မိသားစုအားလုံးကိုလာစေချင်တဲ့ရည်ရွယ်ချက်ပါ"ဟု ပွဲကျင်းပရေးကော်မတီမှ ကိုလားဇယ်(ခ)လာဇရုက ရှင်းပြသည်။

၄င်း Food Coner များ၌ အခမဲ့ပါဝင် လှူဒါန်းလိုသူများရှိပါကလည်း လှူဒါန်းနိုင်ကြောင်း ကိုလားဇယ်က ဆိုသည်။

ခရစ်စမတ်အတွက် ပါဝင်သီဆိုရာတွင် နွဲ့ယဉ်ဝင်း၊ သံသာဝင်း၊ ရတနာဦး၊ ချောစုခင်၊ ဇမ်နူး၊ ချစ်သုဝေ၊ ချစ်စုဝေ၊ ဖြူဖြူကျော်သိန်း၊ Lဆိုင်းဇီ၊ နေနေ၊ ချောစုခင်၊ ချမ်းချမ်း၊ အိုင်းရင်းဇင်မာမြင့်၊ အမွန်း၊ ပန်းရောင်ခြယ်၊ နန့်ချစ်နဒီဇော်၊ မေရီအောင်၊ နင်ဇီမေ တို့ပါဝင်မည်ဖြစ်သည်။

ထို့အပြင် ချစ်စမ်းမောင်၊ ဂရေဟမ်၊ ဇော်ပိုင်၊ Lလွန်းဝါ၊ ဟက်ကက်၊ အောင်လ၊ ကောင်းကောင်း၊ စောလားထော်ဝါး၊ ဒေးဗစ်လိုင်၊ နီတာ၊ စောထက်နိုင်စိုးတို့အပါအဝင် အခြားသောတေးသံရှင်များ ပါဝင်မည်ဖြစ်သည်။

တေးသံရှင်များပါဝင်ဖျော်ဖြေရန် ဗိုလ်ချုပ်စျေးအနီးရှိ ဘုရားကျောင်းတွင် စတိတ်စင်တစ်ခု၊ ဗိုလ်အောင်ကျော်လမ်းရှိ စိန့်မေရီကတ်သြီဒယ်ဘုရားကျောင်းရှေ့တစ်ခုနှင့် မြို့တော်ခန်းမအနီးရှိ ဧမာနွေလဘုရားကျောင်းတွင် စတိတ်စင်တစ်ခု ထားရှိပေးသွားမည်ဖြစ်သည်။

ဗိုလ်ချုပ်လမ်းတစ်လျှောက်ကို အဓိကအလှဆင်သွားမည်ဖြစ်ပြီး ပန်းဆိုးတန်းဂုံးကျော်တံတားကိုပါ အလှဆင်မည်ဖြစ်သည်။

အဆိုပါပွဲတော်အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှခွင့်ပြုမိန့်ကျထားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးမှ မီးသုံးစွဲသည့်ပမာဏအတိုင်း လျှပ်စစ်မီတာခ ကောက်ခံသွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly