မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ ဆုကြေး နှစ်ဆတိုးမြင့်

မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ ဆုကြေး နှစ်ဆတိုးမြင့်

 

မန္တလေး၊ဒီဇင်ဘာ ၂၁ ။          ။ မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲကို ၂၀၁၈ခုနှစ်၊ဇန်နဝါရီလ ၄ ရက်တွင် ကျင်းပသွားမှာဖြစ်ပြီး ဆုကြေးငွေများကို ယခင်နှစ်ကထက် နှစ်ဆတိုးမြင့်ပေးသွားမည်ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။
 
ထိုသို့ဆုကြေးငွေများနှစ်ဆတိုးပေးနိုင်ခြင်းသည် မြို့တော်ဝန်အဆက်ဆက် နှစ်စဉ် ကျင်းပခဲ့သည့် မြို့တော်ဝန်ဂေါက်ရိုက်ပြိုင်ပွဲကို မပြုလုပ်တော့ခြင်းကြောင့်ဖြစ်သည်။၎င်းပြိုင်ပွဲ ကုန်ကျငွေကို မီနီမာရသွန်ပြိုင်ပွဲ ဆုကြေးငွေအဖြစ် ထည့်ဝင်အသုံးပြုသွားမည်ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်ကဆိုသည်။

"လူနည်းစုအတွက်သာဖြစ်တဲ့ ဂေါက်ပြိုင်ပွဲကို မကျင်းပတော့ဘဲ လူများစုပါဝင်ဆင်နွှဲနိုင်တဲ့ မာရသွန်ပွဲအတွက် ဆုကြေးတိုးလိုက်တာပါ"ဟု ဒေါက်တာရဲလွင်ကပြောသည်။

မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲသို့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြိုင်ပွဲဝင်လိုသူများအားလုံး လာရောက် ပါဝင်ဆင်နွှဲကြရန် မြို့တော်ဝန် ဒေါက်တာရဲလွင်က ဖိတ်ခေါ်ထားသည်။

အဆိုပါပြိုင်ပွဲတွင် ကျား/မ လူသစ်တန်း၊ကျား/မ အလွတ်တန်းပြိုင်ပွဲများ ထည့်သွင်းယှဉ်ပြိုင်မည်ဖြစ်၍ ပြိုင်ပွဲဝင်လိုသူများသည် ပြိုင်ပွဲဝင် စည်းမျဉ်း၊စည်းကမ်း လျှောက်လွှာပုံစံများအား တစ်စောင်လျှင် ၃၀၀ကျပ်နှုန်းဖြင့် ဒီဇင်ဘာ ၁၅ ရက်မှစတင်ဝယ်ယူနိုင်ပြီဖြစ်သည်။လျှောက်လွှာများကို ၃၁ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ်အလိုက် ရောင်းချပေးလျှက်ရှိကြောင်းသိရသည်။

အဆိုပါလျှောက်လွှာများကို မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများ၌၎င်း ပန်းဥယျာဉ်နှင်ကစားကွင်း(မနော်ရမ္မံဥယျာဉ်)၊အားကစားနှင့်ကာယပညာဦးစီးဌာန(ဗထူးကွင်း)နှင့်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့တွင် ဝယ်ယူနိုင်ကြောင်းသိရသည်။

အလွတ်တန်း ကျား/မ ပြိုင်ပွဲတွင် ပထမရရှိသူ ဆုငွေ ကျပ်၃၀သိန်း၊ဒုတိယ ကျပ် ၂၀ သိန်း၊တတိယ ကျပ် ၁၅ သိန်း၊စတုတ္ထ ကျပ် ၁၀သိန်း၊ပဥ္စမ ကျပ် ၈ သိန်း၊ဆဋ္ဌမ ကျပ် ၆ သိန်း၊သတ္တမ ကျပ် ၄ သိန်း၊အဋ္ဌမ ကျပ် ၃သိန်း၊၅သောင်း၊နဝမ ကျပ် ၃ သိန်း၊ဒဿ မ ကျပ် ၂ သိန်း၊၅ သောင်း အဆင့်လိုက်ချီးမြှင့်သွားမှာဖြစ်သည်။ နှစ်သိမ့်ဆု ၁ မှ ၅ အထိ တစ်ဆုလျှင် ငွေကျပ် ၁ သိန်း ချီးမြှင့်သွားမည်ဖြစ်ကာ လူသစ်တန်း ကျား/မ ပြိုင်ပွဲတွင် ပထမဆု ကျပ် သိန်း၃၀ ၊ဒုတိယ ကျပ် သိန်း၂၀ ၊တတိယ ကျပ် ၁၅ သိန်း၊စတုတ္ထ ကျပ် ၁၂ သိန်း၊ပဥ္စမ ကျပ် ၁၁ သိန်း၊ဆဋ္ဌမ ကျပ် ၁၀ သိန်း၊သတ္တမ ကျပ် ၉ သိန်း၊အဋ္ဌမ ကျပ် ၈ သိန်း၊နဝမ ကျပ် ရ သိန်း၊ဒဿဿ မ ကျပ် ၆ သိန်း အသီးသီးချီးမြှင့်သွားမှာဖြစ်သည်။နှစ်သိမ့်ဆု ၁ မှ ၅ အထိ တစ်ဦးလျှင် ကျပ် ၁သိန်း၊၅သောင်းနှုန်းဖြင့်လည်းကောင်း   နှစ်သိမ့်ဆု ၆ မှ ၁၀ အထိ တစ်ဦးလျှင် ကျပ် ၁ သိန်းနှုန်းဖြင့်လည်းကောင်း နှစ်သိမ်ဆု ၁၁မှ ၁၅ အထိ တစ်ဦးလျှင် ကျပ် ၈ သောင်းနှုန်းဖြင့်လည်းကောင်း နှစ်သိမ့်ဆု ၁၆မှ ၂၀အထိ တစ်ဦးလျှင် ကျပ် ၆သောင်းနှုန်းချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

အသက် ၆၀နှစ်ပြည့်ပြီးသူများနှင့် အထက် သက်ကြီးပြိုင်ပွဲတွင် ပထမ ပန်းဝင်လာသူ ၅ ဦးအား တစ်ဦးလျှင် ကျပ် ၂ သိန်းစီနှင့်သတ်မှတ်ချိန်အတွင်း ထပ်မံပန်းဝင်လာသူ ၅ ဦးအား တစ်ဦးလျှင် ကျပ် ၅ သောင်းနှုန်းချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရှေ့မှစတင်တာလွှတ်ကာ မြို့တွင်းသတ်မှတ်လမ်းများအတိုင်း မန္တလာသီရိအားကစားကွင်းအထိ ပြေးရမည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly