ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အိန္ဒိယအစိုးရမှ အမေရိကန် ဒေါ်လာ ၂၅ သန်း ထောက်ပံ့မည်

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အိန္ဒိယအစိုးရမှ အမေရိကန် ဒေါ်လာ ၂၅ သန်း ထောက်ပံ့မည်

စစ်တွေ၊ ဒီဇင်ဘာ ၂၁ ရက်။       ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး မြန်မာအစိုးရနှင့် အိန္ဒိယတို့ကြား နားလည်မှုစာချွန်လွှာကို ဒီဇင်ဘာလ ၂၀ ရက်နေ့က ရေးထိုးခဲ့ကြသည်။

အဆိုပါ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဝင်းမြတ်အေးနှင့် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးအတွင်းရေးမှူး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာတို့ သဘောတူ ရေးထိုးခဲ့ကြခြင်းလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံသည် အမေရိကန်ဒေါ်လာ ကျပ်သန်း ၂၁၄ သန်း ကုန်ကျမည့် ရခိုင်ပြည်နယ်အတွင်း အကြီးမားဆုံး ရင်းနှီးမြုပ်နှံမှုဖြစ်သော ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပြီး ဒေသတွင်း ဆက်လက်အကောင် အထည်နိုင်ရန် ကြိုးပမ်းလျက်ရှိသော စီးပွားရေးဇုန်နှင့် စက်မှုဇုန်များတွင်လည်း ပါဝင်ရင်းနှီးမြုပ်နှံနိုင်ရန် မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သော တွေ့ဆုံပွဲတွင်လည်း အိန္ဒိယနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Ms.Nirmala Sitharaman က ထည့်သွင်း ပြောကြားခဲ့ဖူးသည်။

ယခု ရေးထိုးသည့် နားလည်မှုစာချွန်အရ နှစ်နိုင်ငံအစိုးရတို့သည် ရခိုင်ပြည်နယ်ရှိ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဆက်စပ်လုပ်ငန်းများ အပါအဝင် လမ်းတံတားတည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းနှင့် အသေးစား စွမ်းအင်စီမံကိန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများ၊ လေ့ကျင့်ရေးစင်တာများ တည်ထောင်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာအစိုးရက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အကောင်အထည်ဖော်မှုများ ပြီးမြောက်နိုင်ရေးအတွက် အိန္ဒိယအစိုးရမှ မြန်မာအစိုးရအား နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ သန်းကို ၅ နှစ်တိတိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ သန်း ထောက်ပံ့ သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly