အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ မှမြန်မာပွဲအားလုံး ကိုမြန်မာ့အသံမှ ထုတ်လွှင့်ပြသမည်

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ မှမြန်မာပွဲအားလုံး ကိုမြန်မာ့အသံမှ ထုတ်လွှင့်ပြသမည်
အာဆီယံပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၁၉ အသင်းအား တွေ့ရစဉ်။ ဓာတ်ပုံ- ရွှေဘုတ်

ရန်ကုန်၊ သြဂုတ် ၂၀ ။         ။ ၂၀၁၅ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်း ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များအားလုံးကို မြန်မာ့ရုပ်သံ(MRTV) နှင့် MRTV Entertainment တို့မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်း၏ အုပ်စုပွဲစဉ် လေးပွဲကို မြန်မာ့ရုပ်သံ(MRTV) မှ ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး ဆီမီးဖိုင်နယ်၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲတို့ကို မြန်မာ့အသံ၏ ဆက်စပ်ရုပ်သံလိုင်းဖြစ်သည့် MRTV Entertainment မှ ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

၂၀၁၅ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လာအိုနိုင်ငံ၌ သြဂုတ်လ ၂၂ ရက်မှ စက်တင်ဘာ ၄ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး အာဆီယံနိုင်ငံပေါင်း ဆယ်နိုင်ငံ ဝင်ရောက် ယှဉ်ပြိုင်သွား မည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၌ အုပ်စုအဆင့် တွင် အုပ်စု(ခ) ၌ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ တီမော စသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး အုပ်စု(က) တွင် အိမ်ရှင် လာအို၊ ထိုင်း၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား အသင်းတို့ ပါဝင်လျက်ရှိသည်။

မြန်မာ ယူ-၁၉ အသင်းသည် အုပ်စုပွဲစဉ်များအဖြစ် သြဂုတ်လ ၂၃ ရက်တွင် စင်ကာပူအသင်း၊ သြဂုတ်လ ၂၇ ရက်တွင် တီမောအသင်း၊ သြဂုတ်လ ၂၉ ရက်တွင် မလေးရှားအသင်း၊ သြဂုတ်လ ၃၁ ရက် တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ပွဲစဉ်များအားလုံးကို မြန်မာစံတော်ချိန် ညနေ ၅း၃၀ ၌ ကျင်းပသွားမည် ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် အာဆီယံပွဲကြို ပြင်ဆင်မှုအ နေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တီမော ယူ-၁၉ အသင်း၊ ထိုင်း ယူ-၁၉ အသင်းတို့နှင့် ခြေစမ်းက စားခဲ့ရာ နှစ်ပွဲလုံး ၃-၁ ဖြင့် ရှုံးနိမ့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly