ရီယက်ဒ်မြို့သို့ ဒုံးပျံနှင့်ပစ်ခဲ့ခြင်းအတွက် ယီမင်သူပုန်များကို ညွန့်ပေါင်းအဖွဲ့က လေကြောင်းမှစီးနင်းတိုက်ခိုက်

ရီယက်ဒ်မြို့သို့ ဒုံးပျံနှင့်ပစ်ခဲ့ခြင်းအတွက် ယီမင်သူပုန်များကို ညွန့်ပေါင်းအဖွဲ့က လေကြောင်းမှစီးနင်းတိုက်ခိုက်

ဆာနား၊ ယီမင်၊ ဒီဇင်ဘာ ၂၁ ။              ။ ဆော်ဒီအာရေဗျနိုင်ငံ၏မြို့တော် ရီယက်ဒ်မြို့သို့ ယီမင်သူပုန်များက ဒုံးပျံနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က ဟွတ်သီသူပုန်များ၏ အမာခံနယ်မြေဖြစ်သော ဆာဒါမြို့သို့ ဗုဒ္ဓဟူးနေ့၌ လေကြောင်းစီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အရပ်သား ၁၁ ဦးသေဆုံးခဲ့ရကြောင်း မျက်မြင်သက်သေများနှင့် မျိုးနွယ်စုခေါင်းဆောင်တစ်ဦးက ပြောခဲ့သည်။

ထိုသို့လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ခဲ့သလို မြေပြင်၌လည်း မည်သူမည်ဝါမှန်းမသိရသော တိုက်ခိုက်ရေး သမားများက ကွယ်လွန်သူသမ္မတဟောင်း အလီအဘူဒူလာဆာလား၏ ဆာနားမြို့ရှိနေအိမ်ကို စောင့်ကြပ်နေ ကြသော ဟွတ်သီသူပုန်များအား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် ဟွတ်သီသူပုန်အများအပြား သေဆုံးခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောခဲ့ သည်။

ယီမင်နိုင်ငံမြောက်ပိုင်းရှိ ဟွတ်သီသူပုန်များ၏ အမာခံနယ်မြေဖြစ်သော ဆာဒါမြို့ကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၁ ဦးသေဆုံးခဲ့ပြီး အခြား ၈ ဦးခန့် ဒဏ်ရာ ရရှိိခဲ့ရကြောင်း မျိုးနွယ်စုခေါင်းဆောင်တစ်ဦးက ဆိုခဲ့သည်။

ဒါ့အပြင် ယီမင်နိုင်ငံရှိ နေရာအနှံ့အပြားကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အမျိုးသမီးများ နှင့် ကလေးငယ်များအပါအဝင် လူပေါင်း ၃၈ ဦးခန့် သေဆုံးခဲ့ရသည်ဟု သူပုန်များ ကြီးကြပ်နေသည့် ဆာဘာသတင်းအေဂျင်စီက သတင်းတင်ပြခဲ့သည်။

ပြီးခဲ့သောအင်္ဂါနေ့က ဆော်ဒီနိုင်ငံ၏ မြို့တော်ရီယက်ဒ်ကိုပစ်မှတ်ထားပြီး ဟွတ်သီသူပုန်များက ဒုံးပျံနှင့်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက်တွင် ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က ယခုလိုလေကြောင်းတိုက်ခိုက်မှုများပြုလုပ် ပြီး တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ရီယက်ဒ်မြို့သို့ ဦးတည်လာသောဒုံးပျံကို ၄င်းတို့ကကြားဝင်ဖျက်ဆီးလိုက်နိုင်သည်ဟု ဆော်ဒီအာရေဗျဘက်မှ ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly