ကြူကုတ် ပန်ဆိုင်းတွင် ထောင်မိုင်းကို ခဲဖြင့် ပစ်ပေါက်ခဲ့သော ကလေး တစ်ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာ ပြင်းထန်ရရှိ

ကြူကုတ် ပန်ဆိုင်းတွင် ထောင်မိုင်းကို ခဲဖြင့် ပစ်ပေါက်ခဲ့သော ကလေး တစ်ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာ ပြင်းထန်ရရှိ
ဒဏ်ရာရရှိသော ကလေးတစ်ဦး။ ဓါတ်ပုံ Helen Mai

ချင်းမိုင်၊ ဒီဇင်ဘာလ ၂၀။         ။ ရှမ်းပြည်နယ် မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)မြို့နယ်ခွဲ မုံးပေါ်ကျေးရွာအုပ်စု ဟိုနားကျေးရွာတွင် ထောင်မိုင်းကြောင့် ၁၂ နှစ်အရွယ် ကလေး တစ်ဦး ပွဲချင်းပြီး သေဆုံးကာ ကလေး ၄ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု မူဆယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးလဗျနော်တောင်က ပြောသည်။

ဒီဇင်ဘာလ ၁၉ ရက်က ကြူကုတ်(ပန်ဆိုင်း)မြို့နယ်ခွဲ ဟိုနားကျေးရွာမှ အသက် ၁၂ နှစ်အရွယ် မောင်အောင်လင်းထွန်းသည် ထောင်မိုင်းကို ခဲနှင့် ပစ်ပေါက်လိုက်ရာမှ ပေါက်ကွဲသွားသဖြင့် နေရာတွင် ပွဲချင်းပြီဆုံးခဲ့သည်။ထို့အပြင် အသက် ၁၀ နှစ် မောင်ခိုင်လင်းထွန်း၊ အသက် ၁၃ နှစ် မောင်တန်မိုင်၊ အသက် ၁၀ နှစ် စိုင်းအိုက်အုံးနှင့် အသက် ၈ နှစ် မိုင်းအိုက်ထွန်းတို့ ၄ ဦးတို့သည် ခြေထောက်၊ လက်၊ ဝမ်းဗိုက် များတွင် ဒဏ်ရာ ရရှိခဲ့သဖြင့် လားရှိူးဆေးရုံနှင့် မူဆယ်မြို့နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

“မနေ့က ၃ နာရီခွဲလောက်မှာ ဟိုနားခေါ်တဲ့ ရှမ်းရွာက သုဿန်နားက လမ်းဘေးမှာ ထောင်ထားတဲ့ မိုင်း ၊ ဘယ်သူ ထောင်ထားတယ် ဆိုတာတော့ မသိဘူး။ ကလေးတွေက အဲဒီမိုင်းကို ခဲနဲ့ ပစ်ဆော့ကြတာ ပေါက်ကွဲပြီးတော့ ကလေး တယောက်သေတယ်။ ၄ ယောက် ဒဏ်ရာရတယ်၊ ဒဏ်ရာပြင်းတဲ့နှစ်ယောက်ကို လားရှိူးကို ပို့လိုက်တယ်”ဟု ဦးလဗျနော်တောင်က ပြောသည်။

ဒဏ်ရာရသူများထဲမှ မောင်တန်မိုင်နှင့် မောင်ခိုင်လင်းထွန်းတို့ နှစ်ဦးသည် စိုးရိမ်ရသည့် အခြေအနေရှိသဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် လားရှိူးဆေးရုံသို့ ပြန်လည် ပို့ဆောင်လိုက်သည်ဟု သူက ပြောသည်။

ထိုဒဏ်ရာရသူများကို မည်သည့် အဖွဲ့အစည်းက တာဝန်ယူပေးမှုမရှိသေ်ာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ မူဆယ်သို့ ရောက်ရှိလာသော ဒဏ်ရာရသူများ၏ မိဘများကို အစားအသောက်နှင့် နေရာထိုင်ခင်း ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ ဒဏ်ရာရသူများကို တစ်ဦးကို ကျပ် ၁ သိန်းစီ ပေးအပ်လှူဒါန်းခဲ့ကြောင်း သူက ပြောသည်။

လက်ရှိ မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့် ဒေသသည် တိုက်ပွဲ ဖြစ်ပွားသည့် နေရာများဖြစ်ပြီး ဒေသခံများအား မိုင်းအသိပညာပေးမှုများ မလုပ်ပေးနိုင်သေးကြောင်း ဦးလဗျနော်တောင်က ပြောသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း ရှမ်းပြည်နယ် မူဆယ်ခရိုင် မုံးကိုးမြို့နယ် ဖောင်းဆိုင် နောင်ဖ်ုိင်ကျေးရွာအနီးတွင် လမ်းဘေးတွင် အပေါ့စွန့်ရန် သွားသော အသက် ၄၈ နှစ်အရွယ် ဒေါ်မရိပ်မာရှိန်သည် မိုင်းနင်းမိ၍ သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly