ခရစ္စမတ်အပစ်ရပ်ကာလ ကွန်မြူနစ်သူပုန်များအား ဒူတာတေးဖက်က တစ်ဖက်သတ်ကြေညာ

ခရစ္စမတ်အပစ်ရပ်ကာလ ကွန်မြူနစ်သူပုန်များအား ဒူတာတေးဖက်က တစ်ဖက်သတ်ကြေညာ

မနီလာ၊ ဒီဇင်ဘာ ၂၀ ။           ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၂၀၁၇ ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၁၈ ဇန်နဝါရီ ၂ ရက်အထိ ပြည်သူ့တပ်မတော်သစ် NPA ကွန်မြူနစ်သူပုန်များနှင့် ခရစ္စမတ်အပစ်ရပ်မှုအား ၎င်းဖက်က တစ်ဖက်သတ်ကြေညာပေးခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် သမ္မတရုံးက ထုတ်ပြန်သည်။

ကွန်မြူနစ်သူပုန်များဖက်ကလည်း လက်ခံသဘောတူမည်ဟု သမ္မတဒူတာတေးက ယုံကြည်ထားကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဟာရီရူ့က ပြောသည်။

ခရစ္စမတ်အပစ်ရပ်မှုသည် အစိုးရနှင့် NPA တို့အကြား ဆယ်စုနှစ်များစွာ လက်နက်ကိုင်ပဋိပက္ခများအတွင်း ရေရှည်ကျင့်သုံးလာသည့် ဓလေ့တစ်ရပ်ဖြစ်နေသော အပစ်ရပ်မှုလည်း ဖြစ်သည်။

မော်ဝါဒီကွန်မြူနစ်သူပုန်အုပ်စုကို ၁၉၆၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ကာ ကြာရှည်ပြောက်ကျားစစ်ဆင်မှုများဖြင့် အစိုးရကို ဖြုတ်ချရန် ရည်ရွယ်သည်။

သမ္မတ ဒူတာတေးအနေဖြင့် ၂၀၁၆ ရာထူးရယူပြီးနောက် သူပုန်များနှင့် ပဋိပက္ခများ အဆုံးသတ်ရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဖော်ဆောင်ခဲ့ဖူးသည်။

၂၀၁၆ သြဂုတ်လအတွင်း အော်စလိုမြို့တွင် ဖိလစ်ပိုင်အစိုးရနှင့် NPA တို့အကြား ရှိနေဆဲ အပစ်ရပ်မှုကို ဆက်လက်မြဲမြံစေရေးနှင့် နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးတို့အား သဘောတူညီထားခဲ့ကြသည်။

သို့သော်လည်း အဆိုပါ သဘောတူညီမှုသည် ကြာရှည်မခံဘဲ ဒီဇင်ဘာ ၅ ရက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြယ်သွားခဲ့သည်။

သမ္မတ ဒူတာတေးက NPA ကွန်မြူနစ်သူပုန်များအား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly