မန်းရွှေစက်တော်ဘုရား ပွဲတော် အလှူခံဌာနများတွင် တာဝန်ထမ်းဆောင်ရန် မင်းဘူးတွင်နေထိုင်သူအမျိုးသမီးများ လျှောက်ထားနိုင်

မန်းရွှေစက်တော်ဘုရား ပွဲတော် အလှူခံဌာနများတွင် တာဝန်ထမ်းဆောင်ရန် မင်းဘူးတွင်နေထိုင်သူအမျိုးသမီးများ လျှောက်ထားနိုင်

၂၀၁၈ခုနှစ် မန်းရွှေစက်တော်ဘုရား ပွဲတော် အလှူခံဌာနများတွင် တာဝန်ထမ်းဆောင်ရန်အတွက် မင်းဘူး ခရိုင်အတွင်း နေထိုင်သူ အမျိုးသမီးများ ဒီဇင်ဘာ(၂၀)ရက်နေ့မှ စတင်ကာ လျှောက်လွှာများ လျှောက်ထားနိင်ပြီ ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပရုံးမှ သိရသည်။

တာဝန်ထမ်းဆောင်လိုသူများသည် ဒီဇင်ဘာ ၂၀ရက်နေ့မှ ဒီဇင်ဘာ ၃၀ရက်နေ့အထိ မင်းဘူးမြို့ ဂေါပကရုံးတွင် လာရောက်လျှောက်ထားနိင်ပြီး လျှောက်လွှာများကို ဂေါပကရုံးတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း သိရသည်။

ဘုရားပွဲတော်ကာလအတွင်း အလှူခံဌာနတွေအတွက် ယာယီခေါ် တာပါ၊ လျှောက်ထားသူတွေက မင်းဘူးခရိုင်အတွင်းက အမျိုးသမီးတွေ ဖြစ်ရမယ်၊ အနည်းဆုံး တက္ကသိုလ်တန်း အောင်မြင်ပြီးသူ ဖြစ်ရမယ်၊ လစာက တစ်လ တစ်သိန်းနှစ်သောင်းကျပ်၊ ထမင်းစရိတ် တစ်လ ငါးသောင်းကျပ်နဲ့ နေထိုင်ဖို့ နေရာလဲ စီစဉ် ပေးပါတယ်ဟု မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးသိန်း လှိုင်ကပြောသည်။

အလှူခံဌာနတွင် တာဝန်ထမ်းဆောင်မည့်သူများသည် ကွန်ပျူတာအခြေခံတတ်မြောက်သူ၊ ပွဲတော်ကာလတွင် ဘုရားတွင် နေထိုင် နိင်သူ၊ မိဘအုပ်ထိန်းသူမှ သဘောတူညီချက် ရသူများ ဖြစ်ရမည် ဖြစ်ပြီး လျှောက်ထားသူ၏ မှတ်ပုံတင် မိတ္ထူ  ၊အိမ်ထောင်စုဇယားမိတ္ထူ၊ တက္ကသိုလ်တန်းအောင်မိတ္ထူ၊ ကွန်ပြူ တာအခြေခံသင်တန်း အောင်မြင်ပြီးကြောင်း အောင်လက်မှတ် အပါအဝင်ဖော်ပြပါ လိပ်စာတွင် အမှန်တကယ်နေထိုင်ကြောင်း ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာရဲစခန်း၏   ထောက်ခံချက်များကို လျှောက်လွှာနှင့် အတူ ပူးတွဲတင်ပြရမည်ဟု သိရသည်။

တာဝန်ထမ်းဆောင်နိင်သူတွေကို စီ‌စစ်ရွေးချယ်မယ်ရက်နဲ့ လူတွေ့ ခန့်‌မယ့်ရက်ကို ထပ်ပြီးကြေငြာပေးပါမယ်၊ တာဝန်ထမ်းဆောင်ရမှာက အထက်စက်တော်ရာ၊ ကိုးခန်းကြီး၊ အောက်စက်တော်ရာနဲ့ ဗဟိုအလှူခံဌာနတွေမှာ ဖြစ်ပါတယ်၊ တစ်နေရာကို အနည်းဆုံး ဝန်ထမ်း(၈)ဦးခန့်  ခန့်ဖို့လျာထားတဲ့အတွက် အနည်းဆုံး ဝန်ထမ်း(၃၂)ဦးလောက် ခန့်ထားမှာ ဖြစ်ပါတယ်ဟု ဥက္ကဌ ဦးသိန်း လှိုင်က မဇ္ဈိမသို့ ပြောသည်။

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား လာမည့် ၂၀၁၈ခုနှစ် ဇန်နဝါရီ(၂၅)ရက်နေ့မှ ဧပြီ(၁၇)ရက် နေ့အထိ (၈၇)ရက်ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly