လူဦးရေ တိုးပွားပြွတ်သိပ်မှုကို ရင်ဆိုင်နေရတဲ့ “လှိုင်သာယာ”

လူဦးရေ တိုးပွားပြွတ်သိပ်မှုကို ရင်ဆိုင်နေရတဲ့ “လှိုင်သာယာ”

 

"မတတ်နိုင်ဘူးလေ။ ဒီလခလောက်နဲ့ ဒီမှာပဲနေလို့ရတယ်"

အသက်မွေးအလုပ်တစ်ခုလုပ်ဖို့ ဧရာဝတီတိုင်းကနေ  ရန်ကုန်မြို့ကိုပြောင်းရွေ့လာပြီး လှိုင်သာယာမြို့နယ်က စက်မှုဇုန်တစ်ခုမှာ အထည်ချုပ်အလုပ်သမအဖြစ် ၀င်ရောက်အလုပ်လုပ်နေသူ မဇာခြည်က ၀န်ထမ်းစုပေါင်းလိုင်း ခန်းတစ်ခုရဲ့ အခန်းကျဉ်းငယ်တစ်ခုမှာ သက်ပြင်းလေတစ်ခုကို ခပ်ကြမ်းကြမ်းမှုတ်ထုတ်လိုက်ပြီးအခုလိုရေရွတ် လိုက်ခြင်းဖြစ်သည်။

အခန်းတွဲမှာ ငှားရမ်းနေထိုင်သူတွေ အနေနဲ့ စုပေါင်းအသုံးပြုရတဲ့ ရေနဲ့ အိမ်သာစနစ်ကြောင့် "မနက်ဆိုရင်လည်း အလုပ်ချိန်မီအောင် သူများထက် စောစောထရတယ်"ဟု သူမက နေထိုင်မှုအခက်အခဲတစ်ခုကို ပြောပြသည်။

အသက် ၂၀ အရွယ်မဇာခြည် ဖွင့်ဟသွားခဲ့သည်မှာ လှိုင်သာယာမြိုနယ်အတွင်းရှိ ကျောတခင်းစာအတွက် အခက်တွေ့နေသည့် အခြေခံလူတန်းစားတို့၏ ဘဝအခြေအနေဖြစ်သည်။

မဇာခြည်က အလုပ်လုပ်ကိုင်ရာ လှိုင်သာယာစက်မှုဇုန်အနီးရှိ ရပ်ကွက်တစ်ခုတွင် စျေးသက်သာသည့် အခန်းတစ်ခုကိုလုပ်ဖော်ကိုင်ဖက် အခြားသူငယ်ချင်းနှစ်ဦးနဲ့အတူ ငှားရမ်းနေသူဖြစ်ပြီး သူတို့နားခိုရာ ရိပ်မြံုကလေးမှာ ၄၀-၆၀ ခြံဝင်းအတွင်း နှစ်ထပ်ဆောင်တစ်ခုလေးဖြစ်သည်။

ယင်းရိပ်မြံုတွင် အိမ်ထောင်စု၂၀ ပေါင်းနီးပါးလောက် အခြေချနေထိုင်နေသည်ဟု သူမကဆိုသည်။

(အသက်မွေးမှု အခြေခံလုပ်ငန်းများရှိခြင်းနှင့် ကျေးလက်ဒေသများနှင့် နယ်မြို့များတွင် အလုပ်အကို်င်ရှားပါးမှုများကြောင့် ရန်ကုန်မြို့နှင့် ယင်းရှိစက်မှုဇုန်များ၌ မဇာခြည်တို့ကဲ့သို့ ရွှေ့ပြောင်းလုပ်သားများ၏ မှီခိုရာဖြစ်လာပြီး ယင်းတို့အနက် လှိုင်သာယာမြို့နယ်မှာ ရန်ကုန်မြို့တော်၏ လူဦးရေပြွတ်သိပ်မှုမြင့်တက်မှု၏ သာဓကဖြစ်လာသည်)

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအစီရင်ခံစာအရ လှိုင်သာမြို့နယ်တစ်ခုလုံးတွင် နေထိုင်သူ လူဦးရေပေါင်း ၆၈၇,၈၆၇ (ခြောက်သိန်းရှစ်သောင်း ခုနှစ်ထောင့်ရှစ်ရာ ခြောက်ဆယ့်ခုနှစ် ဦး) ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏လူဦးရေးသိပ်သည်းဆမှာတစ်စတုရန်းကီလိုမီိတာတွင် (၆၁၇)ဦးသာဖြစ်သော်လည်းလှိုင်သာယာမြို့နယ်၏ လူဦးရေသိပ်သည်းဆသည် တစ်စတုရန်းကီလိုမီတာလျှင် နေထိုင်သူ(၁၀၂၁ဒသမဝ၆) ဦးရှိနေသည်ကလည်းအလုပ်အကိုင်အခွင့်အလမ်းများကြောင့် လူဦးရေပြွတ်သိပ်မှုထုထည် ကြီးထွားနေကြောင်းကိုထင်ရှားစေသည်။

ယင်းသို့အခြေအနေတွင် လူနေထူထပ်လာသည့် လှိုင်သာယာမြို့နယ်မှာအိမ်ငှားနေထိုင်မှုထက် အခပေးနိမ့်ပါးသည့် အခန်းငှားမှုပုံစံထွန်းကားနေသည်။

 “လှိုင်သာယာမြို့နယ်ကို ရွှေ့ပြောင်းနေထိုင်မှု များတယ်။ ဒါကြောင့် လူနေထူထပ်ပြီး အခန်းနေထိုု်င်တဲ့ စနစ်ထွန်းကားနေတယ်”ဟု မြို့နယ်အတွင်း လူဦးရေ မြင့်မားမှုကြောင့် အခန်းငှားနေမှုမြင့်မားနေပုံကို လှိုင်သာယာမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမင်းက ရှင်းပြသည်။

ယင်းအခြေအနေတွင် ခြံပိုင်ရှင်များကပေ (၄၀ × ၆၀) မြေကွက်အတွင်း နှစ်ထပ်၊ သုံးထပ် အဆောက်အအုံတွေ တည်ဆောက်ပြီး အခန်းဖွဲ့ ငှားရမ်းနေခြင်းက အိုးနဲ့ ဆန် မတန်သည့် အခြေအနေ ဖြစ်နေသည်။

ယခုနှစ် ဇွန်လအတွင်းကထုတ်ပြန်ခဲ့သည့် သန်းခေါင်စာရင်း နောက်တွဲမြို့နယ်အဆင့် အစီရင်ခံစာအရ လှို်င်သာယာမြို့နယ်အတွင်း စုစုပေါင်း အိမ်ထောင်စုအရေအတွက် ၁၄၈,၇၁၁စုတွင် အိမ်ထောင်စုပေါင်း ၈၁,၃၇၈စုအိမ် ငှားရမ်းနေထိုင်ကြသည်။

ယင်းကြောင့်  မြို့နယ်အတွင်းရှိ အိမ်ထောင်စုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းနီးပါးမှာ အိမ်ငှားရမ်းနေထိုင်ကြသူများ ဖြစ်ကြသည်။

အဆိုပါ မြို့နယ်အဆင့် အစီရင်ခံစာကို ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့် ဌာနဆိုင်ရာတွေ အဖွဲ့အစည်းတွေ အတွက် အထောက်အကူပြုအောင် ထုတ်ပြန်သည်ဆိုသော UNFPA မှ တာဝန်ရှိသူတစ်ဦးက“လှိုင်သာယာက အလုပ်ရုံ၊ စက်ရုံတွေများလို့ လူနေထူထပ်တယ်။ အိမ်ငှားနေထိုင်မှုတွေ မြင့်မားတာကြောင့် တန်ဖိုးနည်းအိမ်ယာစီမံကိန်းတွေ ပိုမိုဖော်ဆောင်ဖို့နေတယ်ဆိုတာကို ပြနေတယ်”ဟု သူကသုံးသပ်ထားသည်။

ဖွံ့ဖြိုးမှု ကွာဟချက်မြင့်မားတာကြောင့် စီးပွားရေးမြို့တော် ရန်ကုန်ကို ရွှေ့ပြောင်းနေထိုင်သူများပြီး အိမ်ယာလိုအပ်ချက် မြင့်မားမှုသည် မထူးဆန်းသော်လည်း လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူ အိမ်ထောင်စု (၂)စုလျှင် တစ်စုမှာ အိမ်ငှားနေထိုင်ရသည့် အခြေအနေ ရှိနေပါသည်။

အိမ်လုံးချင်းငှားရမ်းမှုသည် ကျပ်တစ်သိန်းဝန်းကျင်မှ  တစ်သိန်းခွဲဝန်းကျင် စျေးရှိပေမယ့်  အခန်းငှားရမ်းမှုသည် အိမ်ပိုင်ရှင်များအတွက် ပိုမိုတွက်ချေကိုက်နေသည်။

“အိမ်ထောင်စုများလို့ မီးမနိုင်ပဲ ခဏ၊ ခဏမီးအားပြတ်ကျသွားတာမျိုး ကြုံရတယ်”ဟု အိမ်ငှားနေထိုင်သူတွေရဲ့ အခက်အခဲကို လှိုင်သာယာမြို့နယ်တွင် ခုနှစ််နီးပါး အခန်းငှားရမ်းနေထိုင်သူ မဌေးဌေးကပြောသည်။

အခန်းငှားစနစ်နဲ့အတူ လှိုင်သာယာမြို့နယ်အတွင်း လူတစ်ဦးချင်းစီအတွက် သန့်ရှင်းရေးနှင့် ရေ၊ မီးစသည့် မရှိ၊မဖြစ် လိုအပ်ချက်များက ဒုနှင့်ဒေး ပေါ်ပေါက်နေသည်။

“မြို့နယ်တစ်ခုရဲ့ သတ်မှတ်ဖွဲ့စည်းပုံအတိုင်း ၀န်ထမ်းရှိပေမယ့် အိမ်ထောင်စုများလာတဲ့ အတွက် မီးဖိုဆောင်သုံး အမှိုက်ကအစ ပိုလာတယ်။ သန့်ရှင်ရေးအပိုင်းဆိုရင်လည်း စည်ပင်ဝန်ထမ်းအင်အားနဲ့ မမျှတာ၊ တရားဥပဒေစိုးမိုးရေးမှာလည်း ရဲဝန်ထမ်းနဲ့ တိုးလာတဲ့ လူဦးရေနဲ့ မမျှတာတွေ ဖြစ်လာတယ်။ တိုးလာတဲ့ လူဦးရေများလာလို့ ၀န်ထမ်းအင်အားနဲ့ မမျှတာတွေ ဖြစ်လာတယ်”ဟု လှိုင်သာယာမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမင်းက ဆိုသည်။

ရွှေ့ပြောင်းနေထိုင်မှု များပြားလာသော်လည်း အိမ်ထောင်စုများ၏ လူဦးရေစာရင်းဇယားကို အတိအကျကောက်ယူနိုင်ခြင်း မရှိခြင်းသည် စက်မှုမြို့-လှို်င်သာယာမြို့နယ်၏ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာမှာ အခက်အခဲတစ်ခုအဖြစ် ပါ၀င်နေသည်။

လှိုင်သာယာမြို့နယ် အခြေအနေဟာ နှစ်စဉ်လူဦးရေ တိုးတက်မှုတွေ ရှိနေပြီး ဒီအခြေအနေတွေအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများအနေနှင့် ဖြေရှင်းနိုင်မယ့် ထိရောက်မှုရှိတဲ့ နည်းလမ်းကို အဖြေရှာနေဆဲဖြစ်သည်။

“ကျန်စစ်သားအိမ်ယာက အခန်းတစ်ခန်းမှာ အိမ်ထောင်စုသုံးခုလောက်ပေါင်းပြီး အခန်းငှားနေတယ်ဆိုတော့ စည်ပင်က သန့်ရှင်းရေးခွန်ကိုတစ်ခန်းကို တစ်အိမ်ထောင်စုအတွက်ပဲ ကောက်ရတယ်။ တကယ်နေတာက သုံးခုဖြစ်နေတယ်"ဟု ဦးဝင်းမင်းက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ရင်ဆိုင်နေရသည့် ပြသာနာများကို ရှင်းပြသည်။

ယင်းအတွက် မြို့နယ် သန့်ရှင်းရေး၊ ရေ၊ မီးဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိနေကြောင်း သိရသည်။

"၀န်နဲဲ့အားနဲ့ မမျှဘူး။ မြို့နယ်တစ်ခုရဲ့ ဖွဲ့စည်းပုံအတိုင်း ၀န်ထမ်းတွေက ရှိပေမယ့် လူဦးရေနဲ့ ၀န်ထမ်းမမျှဘူး။ တရားဥပဒေစိုးမိုးရေးဆိုရင်လည်း ရဲပိုင်းဆိုင်ရာမှာ မမျှဘူး။ သန့်ရှင်းရေးစနစ်မှာလည်းဆိုရင်လည်း သန့်ရှင်းရေးဝန်ထမ်း အင်အားနဲ့ မမျှဘူး" ဟု သူကရှင်းပြသည်။

ယင်းအပြင် ရွှေ့ပြောင်းနေထိုင်သူများ၏ အင်အားစာရင်းနှင့် နောက်ကြောင်းများကို မသိရှိသဖြင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရာတွင် အခက်အခဲတစ်ရပ်ဖြစ်နေသည်။

အထူးသဖြင့် လှိုင်သာယာမြို့နယ်သည် ရန်ကုန်မြို့နယ်အတွင်း မှုခင်းများ ဖြစ်ပွားရာ မြို့နယ်တစ်ခုအဖြစ် ကျော်ကြားသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ရန်ကုန်မြို့၏လူဦးရေတိုးတက်မှုနှုန်းသည် ၃၇ ရာခိုင်နှုန်းဖြစ်ရာ လူနေထူထပ်မှု အမြင့်ဆုံးဖြစ်နေသော လှိုင်သာယာမြို့နယ်အနေနှင့် တိုးတက်လာမည့် လူဦးရေအတွက် ပြင်ဆင်မှုများ ဆောင်ရွက်ရန် လိုအပ်နေပေသည်။

 

 

Mizzima Weekly