ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် တွေ့ဆုံမေးမြန်းခန်း (အပိုင်း ၁)

20 December 2017
ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် တွေ့ဆုံမေးမြန်းခန်း (အပိုင်း ၁)

 

မေး။   ။ ကရင်ပြည်နယ်ဟာဆိုရင် အခြားပြည်နယ်တွေနဲ့ မတူပဲနဲ့ ထူးခြားတဲ့ ဒေသတစ်ခု ဖြစ်တယ်ပေါ့။ ဒီပြည်နယ်မှာ လက်နက်ကို်င်တွေဆိုရင်လည်း ရှိတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေး အသီးအပွင့်တွေဆိုရင်လည်း တစ်ဖက်မှာ ခံစားနေရတာတွေလည်း ရှိတယ်။ ဝန်ကြီးချုပ်အနေနဲ့ ဒီလိုဒေသမှာ မူဝါဒတွေ ချမှတ်ပြီးတော့ ဆောင်ရွက်ရတဲ့အပိုင်းမှာ ဘယ်လိုအခက်အခဲတွေရှိလဲ။ ဝန်ကြီးချုပ်အနေနဲ့ အခက်အခဲရှိတဲ့အပိုင်းလေးတွေ စိန်ခေါ်မှုလေးတွေ အဲဒါလေးတွေလည်း ပြောပြပေးပါဦးရှင့်။

ဖြေး။   ။ အခက်အခဲကတော့ တော်တော်လေးရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ ပြောချင်တာကတော့ ဘာအခက်အခဲမျိုးလဲဆိုတော့ ငြိမ်းချမ်းရေးအဖွဲ့တွေကလည်း သူတို့ရဲ့ မူဝါဒတွေရှိတယ်။ အန်တီတို့အစိုးရကလည်း ကိုယ့်ရဲ့ မူဝါဒတွေရှိတယ်။ အဲဒီတော့ မူဝါဒ နှစ်ခု ဖြစ်နေတာပေါ့နော်။ အရင်တုန်းကတော့ သူတို့ကြီးစိုးတဲ့ ဒေသတွေမှာ သူတို့မူဝါဒနဲ့ သူတို့ ရပ်တည်ကြတာပေ့ါ။ အခုကျတော့ အန်တီတို့နဲ့ ငြိမ်းချမ်းရေးရလာတဲ့အခါကျတော့ နယ်တွေမှာ အုပ်ချုပ်ရေးမှူးတွေ ရပ်ကွက် အုပ်ချုပ်ရေးတွေက သူ့ဟာနဲ့သူ ဝင်လာတဲ့အခါကျတော့ အဲဒီ အုပ်ချုပ်ရေးမှူးတွေ ဝင်လာတဲ့ နေရာတိုင်းက အန်တီတို့ရဲ့ တရားဥပဒေစိုးမိုးမှုက ဒီနယ်မြေတွေမှာ ရှိရမယ်ပေါ့။ အဲဒီတော့ အပေါ်ကတော့ ဒီဟာကို လက်ခံပေမယ့် အောက်ကလည်း သူတို့ကလည်း သူတို့နယ်မြေပေါ့ကွယ်။ ဥပမာ မြေဆိုရင်လည်း သူတို့ရဲ့ မြေရဲ့ မူဝါဒပေါ့။ အဲဒီတော့ အန်တီတို့ ဒါတွေကို လိုက်ညှိပြီးတော့ ပြောရတာတွေ ။ နောက် တရားစီရင်ရေးဆိုရင်လည်း သူတို့ ပါတာပေါ့နော်။ အဲဒီတော့ တကယ်တမ်း တော့ NCA မှာ ထိုးထားတဲ့ဟာတွေ ဒါတွေက မပါတော့ဘူး။ သူတို့လည်း ခေါက်ရိုးကျိုးနေသလိုပေါ့ နော်။ အဲဒီတော့ သူတို့လည်း ဒီလိုမျိုး လုပ်ငန်းတွေမှာ ပြောရဆိုရတာတွေရှိတယ်။ နောက် အန်တီတို့နဲ့ကျတော့ တစ်ခု မတူဘူးပေါ့နော်။ အန်တီတို့က တရားဥပဒေဆိုရင် တရားရုံးမှာ သေသေချာချာ ရင်ဆိုင် အချေအတင်ပေါ့ ၊ သူတို့ကျတော့ လာခေါ်သွားလိုက်တယ် အန်တီတို့ဆီမှာ က ၂၄ နာရီထက်ကျော်ရင် ဘာဖြစ်တယ်ဆိုတဲ့ ဥပဒေတွေရှိတယ်။ သူတို့မှာတော့ မဟုတ်ဘူးပေါ့ ။ နည်းတွေပေါ့ အန်တီတို့ အဲဒါမျိုးတွေကို လိုက်ပြီးတော့ ဖြောင်းဖျပေးရတာတို့ စေ့စပ်ပေးရတာတို့ပေါ့ အဲဒါက အသေးလေးပဲ ရှိသေးတယ်။

မေး။   ။ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘယ်အပိုင်းက အဓိက ဖြစ်နေသလဲရှင့်။

ဖြေ။    ။ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကကတော့ ငြိမ်းချမ်းရေးပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးမရှိရင် အန်တီတို့ ဘာမှမှ လုပ်လို့မရဘူးလေ။ အခု အန်တီက ဟိုက်ဒရိုပါဝါ လုပ်ချင် တယ်။ ရေတံခွန်တွေရှိတယ်ပေါ့။ ငြိမ်းချမ်းရေးမရှိရင် အန်တီတို့ဆီ လေ့လာရေးသွားးတဲ့လူတွေကို အန်တီတို့က လုံခြံုရေးတာဝန်ယူလို့မရဘူး။ အခုဆိုရင် သူတို့ သွားပြီးတော့ စမ်းသပ်နိုင်တယ်။ တိုင်းတာလို့ရပြီ လေ့လာလို့ရပြီဆိုရင် အခုသူတို့ စပြီးတော့ သွားကြပြီပေါ့။ အန်တီပြောတာက ငြိမ်းချမ်းရေးကတော့ အန်တီတို့ ဖွံ့ဖြိုးရေး တိုးတက်ရေးအတွက် ကရင်ပြည်နယ်ကတော့ ငြိမ်းချမ်းရေး က အဓိက ကျပါတယ်။

မေး။   ။  ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ရော ဝန်ကြီးတို့ အစိုးရအဖွဲ့အနေနဲ့ ဘာတွေများ လုပ်ဆောင်ပြီးနေပြီလဲ ။

ဖြေ။    ။ ငြိမ်းချမ်းရေးအဖွဲ့ကလည်း အပေါ်က လူကြီးတွေနဲ့ စကားပြောရတာ အဆင်ပြေတယ်ပေါ့ နော်။ အန်တီတို့ ပြည်နယ်အဆင့်နဲ့ကလည်း တစ်ခါတစ်လေကျလို့ရှိရင် အန်တီကပြောတယ် နင်တို့လည်း အရင်က ငှက်ပျောပင်စားပြီးတော့ ဒို့အမျိုးအတွက်ဆိုပြီး တိုက်ပွဲဝင်ခဲ့တာပဲ။ ဒို့လည်း လုံးတီးစားပြီးတော့ ဒီမိုကရေစီအတွက် ဝင်လာရတာပဲလို့ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရမယ်လို့ အခု ဒို့အချင်းချင်းက လက်တွဲမှု နားလည်မှု မရှိလို့ရှိရင် ပူးပေါင်း မဆောင်ရွက်ဘူးဆိုရင် ဒို့လိုချင်တဲ့ ရည်ရွယ်ချက်တွေလည်း ပျောက်သွားမယ်။ ဒို့ကြိုးစားခဲ့တာတွေလည်း အလကားဖြစ်ကုန်မယ်ဆိုပြီးတော့ သူတို့ကို ပြောပေးရတာပေါ့နော်။ အန်တီတို့ ပြည်နယ်အစိုးရက တော်တော်လေးကို လူထုနဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ တစ်ယောက်နဲ့ တစ်ယောက် သဟဇာတဖြစ်ပြီး နေတတ်ဖို့ကု်ိလည်း လုပ်ပေးရတယ်။ သူတို့လည်း အန်တီတို့ အဖွဲ့ထဲမှာ ပြန်ပြီးနေတတ်သွားရအောင်၊ ဒီမှာ တစ်ချိန်လုံး ဖြစ်နေတာတွေရှိတယ်။ အန်တီတို့အတွက်ကတော့ ဒါတွေဟာ ပြောတော့သာလွယ်ပါတယ် ၊တော်တော်လေးကို လုပ်ရကိုင်ရတာ ခက်ပါတယ်။

မေး။   ။ ကျောက်မီးသွေးသုံး စက်ရုံနဲ့ ပတ်သက်ပြီးတော့ တစ်နိုင်ငံလုံး ကမ်းပိန်းတွေ လုပ်နေကြတာတွေရှိတယ်ပေါ့နော်။ အဲဒီကြားထဲမှာမှ ဝန်ကြီးချုပ်တို့က ဒါကို ဆက်လုပ်မယ်ဆိုပြီး တော့မှ ပြောထားတာတွေ ရှိတယ်ပေါ့နော်။ အဲဒီမှာ ရှေ့ဆက်ပြီးတော့မှ ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်လဲ ။

ဖြေး။   ။ အန်တီတို့ ကရင်ပြည်နယ်ရဲ့ မူဝါဒကိုက ပထမဦးစားပေးက လျှပ်စစ်၊ ဒုတိယက လမ်းပန်း၊ တတိယက စိုက်ပျိုးရေး မွေးမြူရေးပေါ့ ၊ အဲဒါက အန်တီတို့ သဘာဝ ရိုးရာဓလေ့ ဒါက အန်တီတို့က အမြဲရှိနေရမယ့်ဟာ ဒါပေမယ့် အခုချိန်မှာ လူထုကို အမြန်ဆုံး တိုးတက်ဖို့လမ်းပေးနိုင်တဲ့ဟာကတော့ စက်ရုံကြီးတွေ မြန်မြန်ဆောက်ပြီးလို့ရှိရင် လုပ်ငန်းတွေပေးရမယ်။ ဒါမှပဲ အန်တီတို့ဒေသမှာရှိတဲ့ လူတွေက တစ်ဖက်နိုင်ငံကနေ ဒီဖက်နိုင်ငံကို ပြန်လာမှာ။ သူတို့အလုပ်အကိုင်မရှိပဲနဲ့ ဘယ်လိုလုပ် ပြန်လာမလဲ ၊ အလုပ်အကိုင်ရှိမှ သူတို့ပြန်လာမယ်။  သူတို့အလုပ်အကိုင်တွေ လူထောင်နဲ့ရာနဲ့ချီပြီး ပေး နိုင်တာ ဒီစက်ရုံကြီးတွေဖြစ်ဖို့၊ ဒီစက်ရုံဖြစ်ဖို့အခွင့်အလမ်းတွေ အများကြီးရှိတယ်။ အန်တီတို့ စက်ရုံတွေဖြစ်ဖို့ မြေယာတွေလည်း ပေးနိုင်တယ်။ စင်္ကြန်လမ်းကြီးကလည််း အန်တီတို့ဘက်က သွားတယ်။ ကုန်စျေးနှုန်းသက်သက်သာသာလည်း သွားနိုင်တယ်။ သံလွင်မြစ်ကြီးကလည်း အန်တီတို့ ဆီမှာရှိတယ်။ သံလွင်မြစ်ဆိုရင်လည်း သင်္ဘောနဲ့သယ်ရင် သိတဲ့အတိုင်းပဲနော်။ ကုန်ကျစရိတ် အနည်းဆုံး ကိစ္စတွေ ၊ သဘာဝတွေလည်း အန်တီတို့က အများကြီးရှိတယ်။ အန်တီတို့က လုပ်အားတွေ အများကြီးရှိတယ်။ အန်တီတို့လုပ်အား အများစုက တစ်ဘက်နိုင်ငံမှာရောက်နေတယ်။ ထိုင်းမှာ ရောက်နေတယ်။ အဲဒီတော့ ဒါတွေ အကုန်လုံးကို ခြုံငုံပြီးကြည့်မယ်ဆိုရင် ဒီမှာသာ အန်တီတို့ စက်ရုံတွေ ပြန်ပြီး ထူထောင်ပေးနိုင်မယ်ဆိုရင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေကလည်း အရမ်းပဲ စိတ်ဝင်စားကြတယ်။ လာကြတယ်။ လာမေးမြန်းကြတယ်။ ပြီးရင်ပြန်သွားကြတယ်။ မီးမရှိလို့နော်။ အန်တီတို့ပြည်နယ်မှာ အန်တီခဏခဏပြောပါတယ်။ (၇) မြို့နယ်ထဲ ရှိတာတောင်မှ မီးအပြည့်မရနိုင်သေးဘူး။ ဒါတောင်အိမ်မီးအဆင့်ပြောတာ။ စက်ရုံကြီးမဟုတ်သေးဘူး။ အဲဒီတော့ ဒီလိုမျိုးဖြစ်နိုင်ဖို့အတွက်ဆိုတာ အန်တီက နည်းလမ်းတွေ အကုန်လုံးစဉ်းစားတယ်။ စဉ်းစားပြီးမှ အမြန်ဆုံးနဲ့ အသက်သာဆုံးနဲ့ ကရင်ပြည်နယ်အတွက် ဖြစ်နိုင်တာကို အန်တီက ရွေးလိုက်တာပါ။

မေး။ ၀န်ကြီးချုပ်အနေနဲ့ ဘာကြောင့် နိုင်ငံရေးလောကထဲဝင်လာပြီး နိုင်ငံရေးလုပ်ဖြစ်တယ်ဆိုတာ လေးကို ပြောပြပေးပါအုံးရှင့် ။

ဖြေ။    တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးပေ့ါနော်။ အဖေက နိုင်ငံရေးမှာ အများကြီး၊ ကရင်ပြည်နယ် မှာ အနှစ် နှစ်ဆယ်တောင် ပြည်နယ်ဥက္ကဋ္ဌနဲ့ တာဝန်ထမ်းဆောင်ခဲ့တော့ သူက အမြဲတမ်း ကရင်အမျိုးသား ရေးအတွက် ဦးစားပေးတယ်။ တိုးတက်ဖို့ အမြဲပဲ ကြိုးစားနေတယ်။ နားထဲမှာကြားနေတာ တွေပေါ့နော်။ အဲဒီလိုမျိုး ကိုယ့်အသိစိတ်မှာလည်း အဲဒီလိုရှိတယ်။ တခုခုကို ကိုယ့်ပြည်နယ်အတွက် စွမ်းဆောင်ပေးရမယ်လို့ စိတ်ထဲမှာ အသိကရှိတယ်။ ဒီလိုမျိုးတွေ ဒီမိုကရေစီ အတွက်ဝင်လာတဲ့အခါကြတော့ ခုနက ပြောသလိုပေါ့။ တိုးတက်ချင်လို့ရှိရင် အန်တီတို့အတွက် အခြေခံ အကျဆုံးကတော့ လျှပ်စစ်ပဲ။ ဒီမှာလည်း တို့လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ဖို့ဟာ အဓိက အကျဆုံးက ဒီမိုကရေစီပဲ။ ဒီမိုကရေစီမရှိပဲနဲ့ လူမျိုးရေးတွေ၊ ဖွ့ံဖြိုးရေးတွေ ဘာမှ သွားမပြော နဲ့ ဘာမှ မလာဘူး။ ဒီ ဒီမိုကရေစီဖြစ်မှ ဒီဟာတွေက တစ်တွဲတည်းဖြစ်နေတာပါ။ ခုနတုန်းကလိုပဲ လျှပ်စစ်တိုးတက်တာနဲ့ ကျွန်မတို့ စီးပွားရေးနဲ့က တိုးတက်လာမှုက ယှဉ်တွဲနေသလိုပဲ ဒီမိုကရေစီနဲ့ တိုင်းရင်းသားအရေးတွေက တစ်ခါတည်း အမြဲကျွန်မတို့တွေက ဖက်ဒရယ် ပြည်ထောင်စု လိုချင်တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်တယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ လိုချင်တယ်။ ကိုယ့်ကြမ္မာကိုယ့်ဖန်တီးနိုင်တယ်။ ကိုယ့်ကြမ္မာကိုယ့်ဖန်တီးနိုင်တယ်ပြောပြီး ပြည်ထောင်စုကပဲပေးပါ။ ပေးပါ ပြောနေတာ သဘာဝတော့ သိပ်မကျဘူး။ မညီမျှဘူး။ အဲဒီတော့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်အောင် ကိုယ်က ကြိုးစားရမယ်လေ။      ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly