တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၂၀၀၀ ကျော်လာ

တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၂၀၀၀ ကျော်လာ
တိုက်ပွဲများကြောင့် မောင်တောမြို့နယ်၊ ၃မိုင်အနီး သီဟိုဋ်သရက်ခြံတွင် ယာယီတဲများ ထိုးလျက် လာရောက် ခိုလှုံ ဒုက္ခသည်များ တွေ့ရစဉ်။ ဓာတ်ပုံ-Wai Lu Kyaw Foundation

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ။          ။ နိုဝင်ဘာလ အလယ်ပိုင်းကတည်း တပ်မတော်နှင့် ရက္ခိုင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(AA) တို့ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပလက်ဝမြို့ ပတ်ဝန်း ကျင်ရွာများမှ နေရပ်စွန့် စစ်ဘေးရှောင်လာသည့် ပြည်သူ ၂၀၀၀ ကျော်ပြီဖြစ်သည်။

ဒေသခံအများစုမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ထဲသို့ထွက်ပြေးတိန်းရှောင်နေကြပြီး အစိုးရထိန်းချုပ်ထားသည့်ဒေသဖြစ်သည့် ရှင်းလက်ဝနှင့် မောင်တော မြို့နယ်ထဲသို့ပါ တိမ်းရှောင်လာသူများရှိနေသည်။

“ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာအခု ဒုက္ခသည်ဟာ ၁၈၀၀ ကျော်လောက်ရောက်နေပြီ။ စားရေးသောက်ရေး၊ နေရေးထိုင်ရေး အခက်ခဲတွေ တော်တော်တွေ့နေတယ်ဗျ “  ဟု ရက္ခိုင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (AA) ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သူခကပြောသည်။

မီဇိုရမ်ပြည်နယ်အစိုးရမှ အဆိုပါစစ်ဘေးရှောင်များအတွက် တစ်ဦးလျှင် တစ်ရက် ဆန်တစ်ဗူးနူန်းထောက်ပံ့ပေးနေကြောင်းသိရပြီး အမိုးမရှိသည့် တဲများတွင်နေထိုင်နေကြရကြောင်း ၄င်းကပြောသည်။

ထို့အတူ ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်အနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် မြိုတိုင်းရင်းသားဦးရေ ၁၆၉ ယောက်ခန့် မောင်တောမြို့နယ်ထဲသို့ စစ်ဘေးရှောင်လာကြကြောင်းလည်း သိရသည်။

“ ဒီဇင်ဘာ ၅ ရက်နေ့လောက်ကတည်းကစထွက်လာတာ။ တချို့ဆို တစ်ပတ်လောက်ကြာတယ်။ တချို့က ၂ ရက်လောက်ကြာတယ်။ ဘူးသီးတောင်မြို့နယ်ထဲကနေထွက်ပြေးလာကြတာ။ ဒီလူတွေက မြိုတိုင်းရင်းသားတွေ။ ၃ မိုင်စခန်းမှာ မြိုဆရာတော်တစ်ပါးရှိတယ်။ အဲ့ဒီ့ဆရာတော်ကို အားကိုးပြီး သူတို့မောင်တောဘက်ကိုထွက်ပြေးလာကြတာ “ ဟု အဆိုပါစစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကိုဝေဟင်အောင်ကပြောသည်။

လတ်တလောအဆိုပါ စစ်ဘေးရှောင်များကို မောင်တောမြို့ ၃ မိုင်ရှိဘုန်းကြီးကျောင်းတွင် နေရာချထားပြီး စားသောက်ရေးကို ဘုန်းကြီးကျောင်းမှ တာဝန်ယူထားရကြောင်း ၄င်းကဆက်လက်ပြောသည်။

တပ်မတော်နှင့် AA တို့ ပလက်ဝတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများမှာအဆုံးမသတ်နိုင် သေးသော်လည်း လတ်တလော တိုက်ပွဲကြီးကြီးမားမား မဖြစ်သည်မှာ  ၂ ရက်ခန့်ရှိပြီဖြစ်ကြောင်း AA ဘက်မှပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကဆိုသည်။

ချင်းပြည်နယ် ပလက်ဝတွင် ဖြစ်ပွားနေသည့်  တိုက်ပွဲများကြောင့် ချင်းပြည်နယ် ရှင်းလက်ဝဘက်သို့ထွက်ပြေးသည့် စစ်ဘေးရှောင်မျာသည်လည်း အနည်းဆုံး ၃၀၀ ထက် မနည်းရှိနေပြီဖြစ်သည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲတွင် လူဦးရေ ၁၈၀၀ခန့်၊ ရှင်းလက်ဝတွင် ၃၀၀ ခန့်နှင့် မောင်တောတွင် ၁၇၀ ခန့် စုစုပေါင်း စစ်ဘေးရှောင် ၃၀၀၀ နီးပါးရှိနေပြီး နေထိုင်၊ စားသောက်ရေးခက်ခဲနေကြသည်။

နိုဝင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ကုလားတန်မြစ်အနီးတစ်ဝိုက် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့အစပ်အနီးတွင် နိုဝင်ဘာ ၁၈ ရက်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ကတည်းက ကျောက်တော်၊ ပလက်ဝ၊ ရသေ့တောင်မြို့အတွင်းရှိနေရာများတွင် တပ်မတော်နှင့် AA တို့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး ယခုဖြစ်ပွားနေ သည့် ပလက်ဝတိုက်ပွဲသည်  ၁လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ရက္ခိုင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (AA) သည် တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များထဲမှ တစ်ခုအပါအဝင် လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags