မြောက်ကိုရီးယားအရေး နိုင်ငံစုံ ထိပ်သီးဆွေးနွေးမှုကို ကနေဒါနှင့် အမေရိကန် ကြီးမှူးမည်

မြောက်ကိုရီးယားအရေး နိုင်ငံစုံ ထိပ်သီးဆွေးနွေးမှုကို ကနေဒါနှင့် အမေရိကန် ကြီးမှူးမည်

 

ဗန်ကူးဗား၊ ဒီဇင်ဘာ ၂၀ ။                ။ မြောက်ကိုရီးယား၏ နျူကလီးယားပြဿနာနှင့် ပတ်သက်ပြီး တိုးတက်ခြေလှမ်း လှမ်းနိုင်ရေးအတွက် ဂျပန်၊ တောင်ကိုရီးယား စသည့်နိုင်ငံများမှ ကိုယ်စားလှယ်များအပါအဝင် နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကို  ကနေဒါနိုင်ငံ ဗန်ကူးဗားတွင် ဇန်နဝါရီ ၁၆ ရက်၌ စီစဉ်ကျင်းပမည်ဖြစ်ကြောင်း ကနေဒါနှင့် အမေရိကန်နိုင်ငံတို့က ဒီဇင်ဘာ ၁၉ ရက်တွင် ကြေညာသည်။

“မြောက်ကိုရီးယားအရေးမှာ သံတမန်ဖြေရှင်းမှုဟာ မရှိမဖြစ် လိုအပ်ပြီး အလားအလာကောင်းတဲ့ နည်းလမ်းစဉ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။”ဟု ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဖရီးလန်းက အမေရိကန်နို်င်ငံခြားရေးဝန်ကြီး ရက်ဇ်တေလာဆန်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ စည်းဝေးတွေ့ဆုံမှုသည် မြောက်ကိုရီးယားကို စေ့ပ်ရေးစားပွဲများဆီ တွန်းပို့ပြီး ၎င်း၏ နျူကလီးယားစီမံကိန်းကို အဆုံးသတ်အောင် ပိုမိုဖိအားပေးနိုင်ရေး လုပ်ဆောင်ချက်ဖြစ်ကြောင်း ရက်ဇ်တေလာဆန်က ဆိုသည်။

ယခု လုပ်ဆောင်မှုသည် နောက်ထပ်ခြေလှမ်းများအတွက် ဖြစ်ကာ မြောက်ကိုရီးယားအစိုးရအား ပိုမိုဖိအားပေးနိုင်မည်ဖြစ်သကဲ့သို့ ဆွေးနွေးပွဲများ အလားအလာအတွက် ပြင်ဆင်လိုက်ခြင်းလည်း   ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဟာ မြောက်ကိုရီးယားအပေါ် ပိုမိုဖိအားပေးနိုင်ရေး လှုံ့ဆော်မှု နည်းလမ်းတေတွကို ဆက်လက်ရှာဖွေသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်းကနေ မြောက်ကိုရီးယားကို စုစည်းသတင်းစကား ပါးတာပါ။ နျူကလီးယား လက်နက်နိုင်ငံအဖြစ် လက်မခံဘူး ဆိုတဲ့ သတင်းစကားပေါ့။ ဒါကတော့ မြောက်ကိုရီးယား နျူကလီးယား လုံးဝ ကင်းစင်ရေးဟာ ကျွန်တော်တို့ အားလုံးရဲ့ တစ်ခုတည်းသော မူနဲ့ တစ်ခုတည်းသော ပန်းတိုင်ဖြစ်တယ်ဆိုတာပါပဲ။”ဟု တေလာဆန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags