NCA လက်မှတ်ထိုးနိုင်ရန် သမ္မတ ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်ငါးဖွဲ့ သြဂုတ် လကုန် တွင်တွေ့မည်

NCA လက်မှတ်ထိုးနိုင်ရန် သမ္မတ ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်ငါးဖွဲ့ သြဂုတ် လကုန် တွင်တွေ့မည်

ချင်းမိုင် ၊ သြဂုတ် ၂၀ ။         ။ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း  ငါးဖွဲ့တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ စာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ယခုလကုန်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမည်ဟု စုံစမ်းသိရသည်။

ယင်းသို့ တွေ့ဆုံရန် ၉ ကြိမ်မြောက် UPWC နှင့် SD တို့ကြား တွေ့ဆုံဆွေးနွေးစဉ် သဘောတူညီမှု ရရှိထားခြင်း ဖြစ်ပြီး အဓိအားဖြင့် NCA ကိစ္စ ဆွေးနွေးမည်ဖြစ်ကာ အသေးစိတ် ကို   သြဂုတ် ၂၁ ရက် စတင်မည့် အစည်းအဝေးတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း  KNU ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က ပြောသည်။

ပဒိုနော်စီဖိုးရာစိန်က  “တစ်ချို့တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တွေ့ဖို့ လိုတယ်။ ထိပ်သီးခေါင်းဆောင်တွေ အစည်း အဝေးတုန်းက ဆုံးဖြတ်ထားတာ ဖြစ်တယ်။ မနက်ဖြန် အစည်းအဝေးမှာ ဘယ်သူတွေ သွားမယ်ဆိုတာ ပြန်ဆုံးဖြတ်မယ်။ အန်စီအေ ကိစ္စအဓိက ဖြစ်တယ်။ ဘယ်လို အချက်တွေ ဆွေးနွေးမယ်ဆိုတာ မနက်ဖြန် အစည်းအဝေးမှာဘဲ ဆုံးဖြတ်မယ်”ဟု မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား အဖွဲ့ ၅ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ဖြစ်ကြောင်း ၎င်းက  ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) နှင့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်  သြဂုတ် ၂၀ ကတွေ့ဆုံဆွေးနွေးမှုတွင် လည်းနေပြည်တော်သို့ သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်ဟု ပဒိုနော်စီဖိုးရာစိန်က ပြောသည်။

၎င်းက “ နေပြည်တော်မှာ သွားမယ်ဆိုရင် ဘယ်သူတွေ သွားမလဲ၊ ဘာတွေ ဆွေးနွေးမဲ့ ကိစ္စတွေဘဲ။ ကျွန်မတို့က ဒီအစည်းအဝေးပြီးမှဘဲ ဘာလုပ်မယ်ဆိုတာ သိမယ်။ သူတို့ကတော့ တကယ်လို့ ဆုံးဖြတ်ချက်တွေ ရှိထားပြီဆိုရင် သူတို့ဘက်က ဘယ်လို လုပ်မယ်ဆိုတာပါဘဲ”ဟု ပြောသည်။

သြဂုတ်လ ၂၁ ရက်မှ ၂၃ ရက်ထိ ၉ ကြိမ်မြောက် NCA ဆွေးနွေးချက်အပေါ် ပြန်လည် သုံးသပ်ကြမည် ဖြစ်ပြီး ယင်းအစည်းအဝေးတွင် နေပြည်တော် သွားရောက်သူများနှင့် ဆွေးနွေးမည့် အချက်များ ကိုဆွေးနွေးဆုံးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရေး၊ မထိုးရေး သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုအပေါ်မှာလည်း တိုင်းရင်းသား ခေါင်းဆောင်များ တစ်ဖွဲ့ချင်း သဘောထားများ ရယူသွား မည်ဖြစ်ကြောင်းလည်း သိရသည်။

သြဂုတ် ၂၀ ရက် ဆွေးနွေးမှုတွင် MPC မှ ဦးညိုအုန်းမြင့်၊ ဒေါက်တာကျာ်ရင်လှိုင်၊ ဦးတင်မောင်သန်း၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာမင်းဇော်ဦးတို့ လာရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

NCA ကို ၉ ကြိမ်မြောက် ဆွေးနွေးမှုတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး ပါဝင်ရေးကို ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။ သို့သော် သမ္မတ ဦးသိန်းစိန်ကတော့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့ လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်လိုက်ပြီ ဖြစ်သည်။

ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော်(PLLS/TNLA)၊ လားဟူအမျိုးသား ဒီမိုကရက် တစ်ပါတီ(LDU)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ရခိုင်အမျုးိသားကောင်စီ(ANC)၊ ရက္ခိုင်တပ်မတော်(AA)နှင့် ဝ အမျိုးသားအဖွဲ့ချုပ်(WNO)တို့ကိုမူ အစိုးရက ဖိတ်ခေါ်ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly