မက္ကစီကို၌ ခရီးသွားဧည့်သည်များသယ်ဆောင်လာသော ဘတ်စ်ကားတိမ်းမှောက်၍ ၁၂ ဦးသေဆုံး

မက္ကစီကို၌ ခရီးသွားဧည့်သည်များသယ်ဆောင်လာသော ဘတ်စ်ကားတိမ်းမှောက်၍ ၁၂ ဦးသေဆုံး

 

မက္ကစီကိုစီးတီး၊ မက္ကစီကို၊ ဒီဇင်ဘာ ၂၀ ။          ။ မက္ကစီကိုနိုင်ငံရှိ ရှေးဟောင်းသုတေသနဆိုင်ရာ နေရာများသို့ လာရောက်လည်ပတ်သည့် အမေရိကန် အပျော်စီးသင်္ဘောပေါ်မှ ခရီးသွားဧည့်သည်များကို သယ်ဆောင်လာသော ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ သောကြောင့် ယာဉ်ပေါ်၌ပါလာသော နိုင်ငံခြားသားများအပါအဝင် လူပေါင်း ၁၂ဦးထက်မနည်း သေဆုံးခဲ့ရ ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောခဲ့သည်။

ယူကာတန်ကျွန်းဆွယ် အရှေ့စွန်းရှိ ကွင်တာနာရူးပြည်နယ်ထဲ၌ ဖြစ်ပွားခဲ့သည့် အဆိုပါမတော်တဆဖြစ်ရပ် ကြောင့် လူပေါင်း ၂၀ ခန့်လည်း ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

ယာဉ်တိမ်းမှောက်မှုထဲ၌ ပါ၀င်ခဲ့ကြသော နိုင်ငံခြားသား ခရီးသွားဧည့်သည့်များမှာ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဆွီဒင်၊ ဘရာဇီးလ်နှင့် အီတလီတို့မှဖြစ်ကြပြီး အင်္ဂါနေ့မနက်ပိုင်းက ကော်စတာမာယာဆိပ်ကမ်းရှိ မာဟာလောလ်ပင်လယ်ရွာသို့ ရိုင်ရယ်ကာရေဘီယံ အပျော်စီးသင်္ဘောနှင့်အတူ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသွားဧည့်သည် ၁၀ ဦးသည် အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ ဆေးရုံသို့ ခေါ်ဆောင်သွားစဉ်၌ တိမ်းပါးသွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောခဲ့ပြီး ခရီးသည် ၁၃ ဦးကို ဆေးရုံ များသို့ ပို့ဆောင်ကုသပေးထားကြောင်းနှင့် ဒဏ်ရာအနည်းအကျဉ်းသာ ရရှိခဲ့သော ခရီးသည် ရ ဦးကို သင်္ဘော ပေါ်သို့ ပြန်လည်ပို့ဆောင်ပေးထားကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ သေဆုံးခဲ့သူများထဲ၌ ဧည့်လမ်းညွှန် တစ်ဦးလည်းပါ၀င်ကြောင်း သိရသည်။

ဖြောင့်ဖြူးနေသော လမ်းမပေါ်၌ တိမ်းမှောက်ခဲ့သည့် အဆိုပါဘတ်စ်ကားပေါ်၌ ခရီးသည်စုစုပေါင်း ၃၁ဦးခန့်ကို သယ်ဆောင်လာခဲ့ပြီး မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို မဖော်ထုတ်နိုင်သေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly