၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၄)

၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများ (အပိုင်း-၄)

အေအက်ဖ်ပီမှ ရွေးချယ်ထားတဲ့ ၂၀၁၇ တစ်နှစ်တာ အကောင်းဆုံးသော ဓာတ်ပုံများကို ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ အပိုင်းလိုက်ခွဲပြီး တင်ပြသွားမှာဖြစ်ပါတယ်။

၄၆။ ယခုနှစ် ၂၀၁၇ ဇွန်လ ၁၄ ရက် အစောပိုင်းက လန်ဒန်အနောက်ပိုင်းက Grenfell Tower မီးလောင်နေစဉ် လုံခြံုရေး တာဝန်ထမ်းနေတဲ့ ရဲတွေကို တွေ့ရစဉ် ဖြစ်ပါတယ်။ လန်ဒန်အနောက်ပိုင်းက အဆိုပါ အထပ်ပေါင်း ၂၇ ထပ်ရှိ တာဝါ အဆောက်အအုံကြီး မီးအကြီးအကျယ် လောင်ခဲ့ရာမှာ လူပေါင်းများစွာ ပိတ်မိနေခဲ့သလို မီးသတ်သမား ၂၀၀ လောက်နဲ့ ၀ိုင်းဝန်းငြိှမ်းသတ်ခဲ့ရပါတယ်။ ရဲတွေနဲ့ မီးသတ်ဝန်ထမ်းတွေ ယင်း မီးလောင်ရာ အဆောက်အအုံမှာ ရှိသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ရပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူအများအပြား ရှိခဲ့ပါတယ်။ Daniel LEAL-OLIVAS/AFP

၄၇။ ၂၀၁၇ ဇွန်လ ၁၇ ရက်က လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီရဲ့ အနောက်ပိုင်း ၄၅ ကီလိုအကွာ Zawiyah မြို့က ထိန်းသိမ်းရေး စင်တာတစ်ခုမှာ တွေ့ရတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို မြင်ရစဉ် ဖြစ်ပါတယ်။ ဥရောပကို လာရောက်ဖို့ ကြိုးစားခဲ့တဲ့ အာဖရကနဲ့ အာရှ ရွှေ့ပြောင်း ၉၀၀ ကျော်လောက်ကို လစ်ဗျား ကမ်းခြေစောင့်တပ်က ကယ်ဆယ်ခဲ့ရတယ်လို့ ပြောပါတယ်။ Taha JAWASHI / AFP

၄၈။ ဒီဓာတ်ပုံကတော့ ၂၀၁၇ ဇွန်လ ၁၈ ရက်က ပေါ်တူဂီနိုင်ငံ အလယ်ပိုင်း Coimbra ခရိုင် Penela မြို့မှာ လောင်ကျွမ်းနေတဲ့ တောမီးက စမ်းချောင်းတစ်ခုမှာ အရောင်ထပ်ဟပ်နေပုံကို မြင်ရတာဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံ အလယ်ပိုင်းမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အများစုဟာ ကားတွေထဲမှာ ပိတ်မိပြီး မီးလောင်သေဆုံးသွားတာဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။ ယင်းမီးတွေကို ထိန်းချုပ်ငြိှမ်းသတ်ဖို့အတွက် မီးသတ်သမား ရာချီနဲ့ မီးသတ်ယာဉ် ၁၆၀ အထိ စေလွှတ်ပေးခဲ့ရပါတယ်။ PATRICIA DE MELO MOREIRA/AFP

၄၉။ ၂၀၁၇ ဇွန်လ ၁၈ ရက်က ပေါ်တူဂီ နိုင်ငံ Pedrogao ဒေသမှာ တောမီးလောင်ကျွမ်းမှုအတွင်း သေဆုံးသွားသူတစ်ဦးရဲ့ ရုပ်အလောင်းအနားမှာ ရဲတစ်ဦး ရပ်ကြည့်နေတာကို တွေ့ရစဉ်ဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံ အလယ်ပိုင်းမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် ဇွန်လ ၁၈ ရက်အထိ သေဆုံးသူ ၅၇ ဦးနဲ့ ဒဏ်ရာရသူ ၅၉ ဦး ရှိယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ ယင်းမီးတွေကို ထိန်းချုပ်ငြိှမ်းသတ်ဖို့အတွက် မီးသတ်သမား ရာချီနဲ့ မီးသတ်ယာဉ် ၁၆၀ အထိ စေလွှတ်ပေးခဲ့ရပါတယ်။ PATRICIA DE MELO MOREIRA/AFP

၅၀။ ၂၀၁၇ ဇွန်လ ၂၀ ရက်က အီရတ်နိုင်ငံ မိုလ်ဆူးမြို့ကနေ ထွက်ပြေးလာကြသူတွေကို တွေ့ရစဉ်ဖြစ်ပါတယ်။ ယင်းအချိန်ကတော့ အီရတ် တပ်ဖွဲ့တွေအနေနဲ့ အိုင်အက်စ်တို့ ထိန်းချုပ်ထားတဲ့ ဒေသကို ပြန်သိမ်းဖို့ အပြင်းအထန် ထိုးစစ်ဆင်နေချိန်ဖြစ်ပါတယ်။ Ahmad al-Rubaye/AFP

၅၁။ ၂၀၁၇ ဇွန်လ ၂၀ ရက်က ပေါ်တူဂီ နိုင်ငံ Pedrogao ရဲ့ ကီလို ၃၀ အကွာ Vale do Cambra မှာ တောမီးလောင်ကျွမ်းအပြီး ကောက်ကွေ့နေတဲ့ လမ်းတစ်လမ်းကို မြင်ရစဉ်ဖြစ်ပါတယ်။ ဇွန်လ ၁၇ ရက်ကနေစပြီး ယင်းနိုင်ငံ အလယ်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကြီးမားတဲ့ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရသူ ၁၃၅ ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။ MIGUEL RIOPA/AFP

၅၂။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြောက်ပိုင်း Nueva Ecija ဒေသ Aliaga မြို့မှာ ကျင်းပတဲ့ ဘာသာရေးပွဲတစ်ခုမှာ တက်ရောက်ဖို့အတွက် ငှက်ပျောရွက်တွေနဲ့ ဖန်တီးထားတဲ့ ၀တ်စုံတွေကို ၀တ်ဆင်ထားသူတွေကို တွေ့ရစဉ်ဖြစ်ပါတယ်။ ယင်း အဝတ်အစားတွေ ၀တ်ဆင်ပြီးတော့ ၎င်းတို့တွေဟာ ခရစ်ယာန် ခေါင်းဆောင် St.John  ကို ဂုဏ်ပြုတဲ့ ဘာသာရေးပွဲ (အရပ်ဘက်အခေါ် ရွံ့လူများ ပွဲ) ကို တက်ရောက်ကြတာ ဖြစ်ပါတယ်။ ကက်သလစ်နိုင်ငံရဲ့ အရောင်အသွေး အစုံလင်ဆုံး ဘာသာရေးပွဲတွေထဲက တစ်ခုဖြစ်တဲ့ ယင်းပွဲမှာတော့ ဖိလစ်ပိုင် ကျေးရွာတွေက ရွာသားတွေ ပါ၀င်တက်ရောက်ကြပါတယ်။ Noel CELIS/AFP

၅၃။ ၂၀၁၇ ဇွန်လ ၂၇ ရက်က လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီရဲ့ အနောက်ဘက် ၄၅ ကီလို အကွာ Zawiyah မြို့ အပြင်ဘက် ပင်လယ်ပြင်မှာ ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်လာတဲ့ သင်္ဘောတစ်စီးပေါ်မှာ လစ်ဗျားကမ်းခြေစောင့်တပ်သားတစ်ဦး စောင့်ကြပ်လိုက်ပါလာတာကို တွေ့ရတာဖြစ်ပါတယ်။ ယင်းသင်္ဘောပေါ်မှာတော့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၄၇ ဦးထိ လိုက်ပါလာခဲ့ကြပါတယ်။ ယင်းနေ့ ၄၈ နာရီအတွင်း ဆိုးရွားတဲ့ ရာသီဥတုအောက်မှာ ရွှေ့ပြောင်းဦးရေ ၈,၀၀၀ ကျော်ကို ပင်လယ်တွင်းကနေ ကယ်တင်ခဲ့ရတယ်လို့လည်း အီတလီကမ်းခြေစောင့်တပ်က ပြောပါတယ်။ Taha JAWASHI/AFP

၅၄။ ပြင်သစ်နိုင်ငံ ပါရီမြို့က Grand Palais ပြတိုက်အဆောက်အအုံတွင်းမှာ ပြသထားတဲ့ အီဖယ်လ်တာဝါ ပုံတူရုပ်တုပစ္စည်းတစ်ခုကို ၂၀၁၇ ဇူလိုင် ၄ ရက်က ရိုက်ကူးထားတာဖြစ်ပါတယ်။ FRANCOIS GUILLOT/AFP

၅၅။ ၂၀၁၇ ဇူလိုင် ၅ ရက်က ပျက်စီးနေပြီဖြစ်တဲ့ Al-Nuri ဗလီဘေးကနေ လမ်းလျှောက်လာတဲ့ ကလေးငယ်တစ်ဦးကို ချီထားတဲ့ အီရတ်အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်ဖြစ်ပါတယ်။ ယင်းအချိန်က အီရတ် တပ်ဖွဲ့တွေအနေနဲ့ အိုင်အက်စ်တို့ ထိန်းချုပ်ထားတဲ့ ဒေသကို ပြန်သိမ်းဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာနဲ့အတူ မိုလ်ဆူးမြို့ဟောင်းကနေ သူမ ထွက်ပြေးလာခဲ့ရပါတယ်။ အီရတ် တပ်ဖွဲ့အနေနဲ့  မိုလ်ဆူးအနောက်ပိုင်းမှာ လများစွာကြာ ပိတ်မိနေခဲ့ပြီး မြို့တွင်းမှာ အရပ်သားအများအပြား ရှိနေခဲ့မှုကြောင့် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ အခက်အခဲများစွာ ကြံုတွေ့ခဲ့ရပါတယ်။ AHMAD AL-RUBAYE/AFP

၅၆။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှ သမ္မတ ဗလာဒီမာ ပူတင်တို့ ၂၀၁၇ ဇူလိုင် ရ ရက်က ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ ဂျီ ၂၀ အစည်းအဝေး ဘေးပန်းပြင်ဘက် အစည်းအဝေးတစ်ခုမှာ လက်ဆွဲနှုတ်ဆက်နေကြစဉ်။ SAUL LOEB/AFP

၅၇။ ၂၀၁၇ ဇူလိုင် ရ ရက်က ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဘက်ဆီ ကျောက်ခဲနဲ့ ပစ်ပေါက်နေတဲ့ မျက်နှာဖုံးစွပ် ဆန္ဒပြသူတစ်ဦးနဲ့ စက်ဘီးစီးအမျိုးသားတစ်ဦးတို့ကို တွေ့ရစဉ်။ ယင်းအချိန်က ဟမ်းဘတ်မြို့မှာတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံခေါင်းဆောင်တွေ တက်ရောက်လာမယ့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေး ကျင်းပဖို့ရှိနေစဉ် ဖြစ်ပါတယ်။ ဂျီ ၂၀ မတိုင်ခင်မှာပဲ ဆန္ဒပြမှုတွေ ဖြစ်ပွားနေခဲ့ပြီး ဆန္ဒပြသမားတွေဟာ ရဲတွေနဲ့ ထိပ်တိုက်တွေ့တာ၊ ကင်းလှည့်ကားတွေကို မီးရှို့တာတွေ ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဂျီ၂၀ ဆန့်ကျင်တဲ့ ချီတက်မှုမတိုင်ခင်မှာလည်း ရဲတွေနဲ့ ဆန္ဒပြသမားတွေ ထိပ်တိုက်တွေ့ခဲ့ကြပြီး အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဘက်က ရေအမြှောက်တွေနဲ့ မျက်ရည်ယိုဗုံးတွေ သုံးပြီး ဆန္ဒပြသမားတွေကို လူစုခွဲခဲ့ပါတယ်။ Odd ANDERSEN/AFP

၅၈။ ၂၀၁၇ ခုနှစ် ဇူလိုင် ၈ ရက်က ကယ်လီဖိုးနီးယား ပြည်နယ်မှာ တောမီးလောင်ကျွမ်းခဲ့ပြီး Oroville မြို့က နေအိမ်တစ်ခုအနီး မီးတောက်တွေ ကပ်လာချိန် အမေရိကန် အလံတစ်ခုကို မီးသတ်သမားတွေ တက်ပြီး ဖယ်ရှားနေစဉ် ဖြစ်ပါတယ်။ ပြည်နယ်တွင်း ငါးနှစ်ကြာ မိုးခေါင်မှုနောက်ပိုင်း ပထမဆုံးလောင်ကျွမ်းခဲ့တဲ့ တောမီးက ဇူလိုင် ၈ ရက်မှာ ပြည်နယ်တစ်ဝှမ်း ပြန့်နှံ့လောင်ကျွမ်းခဲ့ပြီး စံချိန်တင် အပူလှိုင်းဖြတ်မှုလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ JOSH EDELSON/AFP

၅၉။ ၂၀၁၇ ဇူလိုင် ၉ ရက်က ရိုက်ကူးခဲ့တဲ့ ဒီဓာတ်ပုံထဲမှာတော့ မိုလ်ဆူးမြို့ဟောင်းရဲ့ ပျက်စီးသွားပုံ မြင်ကွင်းကို မြင်တွေ့ရတာဖြစ်ပါတယ်။ အီရတ်တပ်ဖွဲ့အနေနဲ့ စစ်သွေးကြွတွေလက်ထဲကနေ မိုလ်ဆူးမြို့ကို ပြန်သိမ်းယူဖို့ ကိုးလကြာနီးပါး ထိုးစစ်ဆင်ခဲ့ရပြီးနောက် နောက်ဆုံးမှာ တိုက်ပွဲအောင်ပွဲ ကြေညာနိုင်တော့မှာဖြစ်တယ်လို့ အမေရိကန် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောပါတယ်။ AHMAD AL-RUBAYE/AFP

၆၀။ ၂၀၁၇ ဇူလိုင် ၁၆ ရက်က ဟန်ဂေရီနိုင်ငံ Budapest မြို့မှာ ပြုလုပ်တဲ့ ၂၀၁၇ FINA World Championships နှစ်ယောက်တွဲရေကူးပြိုင်ပွဲတစ်ခုမှာ အီတလီ ရေကူးမယ်တွေဖြစ်ကြတဲ့ Linda Cerruti နဲ့ Costanza Ferro တို့ ယှဉ်ပြိုင်နေပုံကို ရေအောက်ကင်မရာကနေ ရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။ François-Xavier MARIT/AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly