ဟွန်ဒူးရပ်စ်သမ္မတက ရွေးကောက်ပွဲ ထပ်အနိုင်ရကြောင်း ကြေညာပြီးနောက်ပို်င်း ဆူပူဆန္ဒပြမှုများ ပေါ်ပေါက်

ဟွန်ဒူးရပ်စ်သမ္မတက ရွေးကောက်ပွဲ ထပ်အနိုင်ရကြောင်း ကြေညာပြီးနောက်ပို်င်း ဆူပူဆန္ဒပြမှုများ ပေါ်ပေါက်

တီဂူစီဂယ်ပါ၊ ဒီဇင်ဘာ ၁၉ ။       ။ ဟွန်ဒူးရပ်စ်နိုင်ငံတွင် အလွန်အငြင်းပွားနေသော ရွေးကောက်ပွဲ၌ လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတက အနိုင်ရကာ ပြန်လည်ရွေးကောက်ခံရကြောင်း ကြေညာချက် ထွက်လာပြီးနောက် လမ်းများကို ပိတ်ဆို့ကာ ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ရာ ဒီဇင်ဘာ ၁၈ ရက်တွင် ရဲက မျက်ရည်ယိုဓာတ်ငွေ့များ သုံးလျက် ဖြိုခွင်းသည်။

လက်ယာအတိုက်အခံတို့က ရွေးကောက်ပွဲတွင် လိမ်လည်မှုများရှိသည်ဟု လွန်ခဲ့သည့် သီတင်းသုံးပတ်ထဲက စွပ်စွဲမှုများ ရှိနေသည့်ကြား မဲရေတွက်မှုတွင် ကြားပြတ်မှုများ မကြာခဏဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၁၇ ရက်တွင် လက်ရှိသမ္မတ ဂျူအန်အော်လန်ဒိုဟာနန်ဒက်ဇ် ထပ်မံအနိုင်ရကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာစောင့်ကြည့်သူများကလည်း ဟွန်ဒူးရပ်စ်ရွေးကောက်ပွဲကို မူမှန်ခြင်းမရှိဟု ဆိုကြသည်။ ရှုံးနိမ့်သော အတိုက်အခံကိုယ်စားလှယ် ဆဲလ်ဗာဒိုနာစာရယ်လာ ဒီဇင်ဘာ ၁၈ ရက်တွင် နယူးယောက်သို့ ရောက်ရှိလာခဲ့ပြီး အမေရိကန်အသင်းကြီး OAS သို့ ရွေးကောက်ပွဲလိမ်လည်မှုနှင့် ပတ်သက်သည့် သက်သေများကို တင်ပြမည်ဟု ဆိုသည်။

“ကျွန်တော်တို့ သက်သေအချက်အလက်အချို့ကို တင်ပြပါမယ်။ မဲခိုးမှုတွေဟာ ရှုထောင့်စုံကနေ ရှိနေတာပါ။”ဟု ရုပ်သံအစီအစဉ် တင်ဆက်သူဟောင်း အသက် ၆၄ နှစ်ရှိ ဆဲလ်ဗာဒိုနာစာရယ်လာက ပြောသည်။

အထောက်အထား သက်သေများတွင် သမ္မတ ဟာနန်ဒက်ဇ်က မဲလိမ်ပြီးမှ ရလဒ်ကို ထုတ်ပြန်ရန် ရွေးကောက်ပွဲကော်မရှင် ဒေးဗစ်မာတာမော်ရို်အား အမိန့်ပေးနေသည့် အသံဖိုင်ပါ ရထားကြောင်း နာစာရယ်လာက ဆိုသည်။

အတိုက်အခံသမ္မတလောင်း နာစာရယ်လာအနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့လည်း သွားရောက်မည်ဖြစ်သည်။

“မဲလိမ်လည်မှု အဖြစ်မှန်ကို အမေရိကန်နိုင်ငံက မသိဘူး။ ကျွန်တော်တို့ USB တစ်ခုတည်းမှာ မှတ်တမ်းတွေ ထည့်ပြီး ယူလာတယ်။ သူတို့ မဲကို ဘယ်လိုလိမ်လည်တယ်ဆိုတာ ချပြမယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly