အွန်လိုင်းပေါ်မှာကြော်ငြာနေတဲ့ မိန်းမကိုယ်ကျဉ်းဆေးတွေရဲ့ အန္တရာယ်

အွန်လိုင်းပေါ်မှာကြော်ငြာနေတဲ့ မိန်းမကိုယ်ကျဉ်းဆေးတွေရဲ့ အန္တရာယ်

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မှာ မိန်းမကိုယ်ရဲ့ကျံု့ဆန့်နိုင်အားကို လျော့နည်းစေတာက ကလေးမီးဖွားခြင်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။အသက်အရွယ်ကြောင့် ဒါမှမဟုတ် လိင်ဆက်ဆံမှုကြောင့် ဒါမှမဟုတ် ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ပြောင်းလဲမှုကြောင့်ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်၊ သားဖွားလမ်းကြောင်းမှာ မတင်းရင်းတော့တဲ့အခါ အိမ်ထောင်ရေးသုခကို မရရှိနိုင်ဘဲ မိသားစုပြဿနာတွေဖြစ်လာနိုင်တယ်လို့ ယူဆကြတာကြောင့် အိမ်ထောင်သည်အမျိုးသမီးတွေ အတော်များများက ဒီအတွက် ဖြေရှင်းဖို့ နည်းလမ်းရှာကြပါတယ်။

ဒါပေမယ့် သဘာဝတရားအရဖြစ်လာတာမို့ အားနည်းချက်လိုမျိုး စိုးရိမ်နေဖို့တော့မလိုပါဘူး။ ယောကျာ်းပစ်သွားမှာ၊ အိမ်ထောင်အဆင်မပြေမှာစိုးပြီး ပြန်လည်နုပျိုတင်းရင်းမှုကိုပြန်ရနိုင်ဖို့ နည်းလမ်းမှားတွေကို လိုက်လုပ်မိရင် ဒုက္ခရောက်နိုင်ပါတယ်။ မိန်းမကိုယ်ပြန်လည် တင်းရင်းလာဖို့အတွက် မိန်းမကိုယ်ကျဉ်းဆေးခရင်မ် သုံးတာအပါအဝင် နည်းလမ်းတွေအများကြီးရှိပါတယ်။ အာရှမှာ ဒီအတွက် သီးသန့် အဖြစ် သဘာဝဆေးဖက်ဝင်တွေနဲ့ထုတ်လုပ်ထားတဲ့ ဆေးနည်းတွေကိုသုံးကြပါတယ်။

အာရှမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မိန်းမကိုယ်ကျဉ်းဆေးတွေကို ခရင်မ်၊ ဆေးတောင့် နဲ့ medicate stick၊ ဆပ်ပြာ၊ စတဲ့ ပုံစံအမျိုးျမျိုးနဲ့ဝင်လာကြပါတယ်။ အရည်အသွေးကတော့ တချို့မှာပဲရလဒ်ကောင်းပြီး တချို့မှာမကောငး်ပါဘူး။

Varginal tightening cream တွေဟာ ဆေးဖက်ဝင်သဘာဝပစ္စည်းတွေကနေထုတ်လုပ်ထားလို့ ၁၀၀ ရာခိုင်နှုန်းဘေးကင်းတယ်လို့ တော်တော်များများကထင်ကြပါတယ်။ အခုဆိုရင် vaginal tightening cream အဖြစ်နဲ့ကြော််ငြာနေတဲဲ့ အွန်လိုင်းစျေးကွက်ထဲက မိန်းမကိုယ်ကျဉ်းဆေး ကုန်ပစ္စည်းတွေလည်းအများကြီးရှိနေပါတယ်။ ဒါပေမယ့် ဘေးကင်းတယ်လို့ ကြော်ငြာထားကြတဲ့ပစ္စည်းတွေအကုန်လုံးက ဘေးမကင်းနိုင်ပါဘူး။

တကယ်တော့ Vaginal tightening cream တွေ ၊ gel တွေဆိုတာ ဓာတုပစ္စည်းတွေ အပြည့်ပါဝင်နေတာဖြစ်ပြီး  အသုံးပြုသူနဲ့ ဓာတ်မတည့်တာတွေ၊ နီရဲရောင်ရမ်းတာတွေ ဖြစ်စေနိုင်ပါတယ်။ ဓာတုပစ္စည်းတွေကြောင့်မိန်းမကိုယ်ထဲက ဘက်တီးရီးယားထိန်းညှိမှုကို ပြောင်းလဲစေခဲ့ရင် မိန်းမကိုယ်ရောင်ရမ်းခြင်း သို့မဟုတ် မှိုပိုးဝင်ခြင်း ဖြစ်လာစေနိုင်ပါတယ်။ အမျိုးသမီးသုံးပစ္စည်းတွေဟာ ဟော်မုန်းကမောက်ကမဖြစ်ခြင်းအန္တရာယ်လည်း ရှိ်လာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်မှာ လိင်ကတဆင့်ကူးစက်တဲ့ရောဂါ STD တစ်မျိုးမျိုးရှိနေတယ်ဆိုရင် ဒီဆေးတွေကြောင့် လက္ခဏာပိုဆိုးလာနိုင်ပါတယ်။

မိန်းမကိုယ်ဟာ ခန္ဓာကိုယ်မှာ နုနယ်ပြီးထိခိုက်လွယ်တဲ့အစိတ်အပိုင်းဖြစ်လို့ ဂရုတစိုက်ရှိဖို့လိုပါတယ်။ ကလေးမွေးဖွားပြီးနောက်ပိုင်း နဂိုမူလအတိုင်းနီးပါးပြန်တင်းရင်းချင်တယ်ဆိုရင် ဒီလိုဆေးတွေ၊ ပစ္စည်းတွေဝယ်သုံးဖို့က လွယ်သလို စျေးပေါတဲ့ ပစ္စည်းတွေလည်းရှိနေပါတယ်။ ဒါပေမယ့် သူတို့က ဖော်ပြထားသလို တကယ်ဘေးကင်းပါ့မလား။ ခံစားရနိုင်တဲ့အန္တရာယ်တွေထဲမှာ အများအားဖြင့်အောက်ပါဘေးထွက်ဆိုးကျိုး ၅ ခုပါဝင်နိုင်ပါတယ်။

နီရဲရောင်ရမ်းခြင်း

မိန်းမကိုယ်ကျဉ်းဆေးတွေက ဓာတုပစ္စည်းတွေအများကြီးပါဝင်နေပါတယ်။ Manjakani အဆီအနှစ်နဲ့ထုတ်လုပ်ထားတယ်ဆိုရင်တောင်မှ ဒီလိုပါနေနိုင်ပါတယ်။ Manjakani  ဟာ ကလေးမီးဖွားပြီးနောက်ပိုင်း မိန်းမကိုယ်ကိုပြန်လည်တင်းရင်းစေဖို့  သုံးကြတဲ့ရှေးခေတ်ဆေးနည်းတစ်ခုဖြစ်ပါတယ်။

ဒီလို ဓာတုပစ္စည်းတွေကြောင့် မိန်းမကိုယ်ကို အတွင်းရောအပြင်ပါ နီရဲရောင်ရမ်း်စေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ ဆီးသွားရင်၊လမ်းလျှောက်ရင်၊ ထိုင်ရင် နာကျင်ရတတ်ပါတယ်။

ဓာတ်မတည့်မှု

ပိုဆိုးတာက ဆေးရဲ့ပါဝင်ပစ္စည်းတစ်ခုခုကို ဓာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ခဲ့ရင် ယားယံတာ၊ နီရဲလာတာ၊ အကွက်တွေဖြစ်တာ စတဲ့လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာမျိုးတွေက အရေပြားမှာဖြစ်တာတောင် အတော်ခံစားရတတ်တာ၊ မိန်းမကိုယ်အထဲမှာဆိုရင် မတွေးရဲစရာပါ။ အရမ်းကို ခံရခက်ပြီး နာကျင်ရမှာအသေအချာပဲ။

ရောဂါပိုးဝင်ခြင်း

ဒီလိုအမျိုးသမီးပစ္စည်းတွေ၊ဆေးတွေက ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း(BV) နဲ့ မှိုပိုးဝင်ခြင်း ဖြစ်နို်င်ခြေပိုများစေပါတယ်။ ခရင်မ်နဲ့တင်မကဘဲ မိန်းမကိုယ်ထဲကို ပြင်ပအရာဝတ္ထုတစ်ခုခု(ဥပမာ medicate stick)ထည့်သွင်းခြင်းက မိန်းမကိုယ်အတွင်း pH ထိန်းညှိမှုကို ပျက်ယွင်းစေပါတယ်။

မိန်းမကိုယ်အတွင်းကဘက်တီးရီးယားထိန်းညှိမှုကိုပြောင်းလဲစေတာကြောင့် ရောဂါပိုးဝင်လွယ်စေတာဖြစ်ပါတယ်။

ဟော်မုန်းကမောက်ကမဖြစ်ခြင်း

မိန်းမကိုယ်ကျဉ်းဆေးတွေက endocrine  ဟော်မုန်းစနစ်ကိုလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒီစနစ်မှာ သားဥအိမ်၊ သိုင်းရွိုက်ဂလင်းနဲ့ pituitary  ဂလင်းတို့ပါဝင်ပါတယ်။

ဒီဂလင်းတွေက ဟော်မုန်းထုတ်ပေးတာဖြစ်ပြီး သူတို့မှာအပြောင်းအလဲဖြစ်လာတာ ဒါမှမဟုတ် ထိခိုက်ပျက်စီးလာရင် ဟော်မုန်းတွေအတွက် စိုးရိမ်စရာရှိလာပါတယ်။

STD နောက်ဆက်တွဲဆိုးကျိုးများ

ဒီဆေးတွေက လိင်မှတဆင့်ကူးစက်တတ်တဲ့ STD ရောဂါလက္ခဏာတွေကို ဖုံးကွယ်သလို ဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ်တင်းရင်းစေတဲ့ခရင်မ်တွေက အနံ့အသက်ကင်းစေတဲ့ အာနိသင်ပါရှိတာကြောင့် STD ကြောင့်ဖြစ်လာတဲ့အနံ့ကို လျော့ကျစေပါတယ်။ရလဒ်အနေနဲ့က ကိုယ့်မှာ STD တွေရှိနေရင်တောင် ရှိမှန်းမသိနိုင်လောက်တော့ပါဘူး။

ဒါနဲ့ပဲ ကုသမှုခံယူဖို့ နှောင့်နှေးစေပါတယ်။ သေချာမကုသရင် STD တစ်မျိုးမျိုးကြောင့် ယောနိမှာ ထိခိုက်မှုပိုများစေနိုင်ပါတယ်။ ဒါ့အပြင် တခြားသူနဲ့လိင်ဆက်ဆံရင်းလည်း ရောဂါကူးစက်ပြန့်ပွားနိုင်ပါသေးတယ်။

မိန်းမကိုယ် တင်းရင်းစေမယ့် သဘာဝနည်းလမ်း

စျေးကြီးပြီး ကုန်ကျစရိတ်များတဲ့ ဆေးတွေ၊ ခရင်မ်တွေသုံးမယ့်အစား ခါးအောက်ပိုင်းလေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ယောနိလမ်းကြောင်းက နံရံတွေကို ကျံု့ဆန့်အားပိုကောင်းစေပါလိမ့်မယ်။

Kegel လို့ခေါ်တဲ့ လေ့ကျင့်ခန်းတွေက အထိရောက်ဆုံးပါပဲ။ Kegel လုပ်ရင် တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေကို ညှစ်လိုက် ဖြေလျှော့လိုက် လုပ်ရတာကြောင့် ဒီလေ့ကျင့်ခန်းကို များများလုပ်လေ မိန်းမကိုယ် ပိုတင်းရင်းလေဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းကိုလုပ်မယ်ဆိုရင် ဆီးကိုအောင့်ထားသလို ယောနိဝနဲ့ တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေကိုစက္ကန့်ပိုင်းလောက် ညှစ်ထားပြီး ဖြည်းဖြည်းပြန်ဖြေလျှော့ရပါမယ်။ တစ်နေ့ သုံးကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ လှဲနေရင်း၊ ထိုင်နေရင်း၊ မတ်တပ်ရပ်နေရင်း ပုံစံသုံးမျိုး တစ်လှည့်စီလုပ်နိုင်ပါတယ်။

နောက်ထပ်သတိထားသင့်တာက မိန်းမကိုယ်မှာ ဘယ်ဆေး၊ ဘယ်ပစ္စည်းကိုမှ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မလိမ်း မသုံးသင့်ပါဘူး။ ဒီလိုမှမဟုတ်ရင် နုနယ်တဲ့ ဒီဧရိယာမှာ နောက်ဆက်တွဲထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒီတော့ လိမ်းဆေးခရင်မ်တွေ၊ ဂျယ်လ်တွေရဲ့ ဆိုးကျိုးတွေကို ရှောင်နိုင်စေဖို့ သဘာဝနည်းနဲ့သာ ကြိုးစားကြည့်ကြပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly