ဒီမိုကရေစီစနစ်အခြေခိုင်ရန် နောက်ထပ် သက်တမ်းငါးနှစ်ထပ်လိုသည်ဟု ဦးဝင်းထိန်ပြောကြား

ဒီမိုကရေစီစနစ်အခြေခိုင်ရန် နောက်ထပ် သက်တမ်းငါးနှစ်ထပ်လိုသည်ဟု ဦးဝင်းထိန်ပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၁၈ ။        ။ လက်ရှိ အာဏာရ ပါတီ အမျိုးသားဒီမိုကရေစီ  အဖွဲ့ချုပ် NLD  အနေဖြင့်မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ် အခြေခိုင်ရန်အတွက်    နောက်သက်တမ်းငါးနှစ် တာဝန်ယူနိုင်ရန် ကြိုးစားဖို့လိုကြောင်း  ဗဟို အလုပ်မှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားခဲ့သည်။

ယနေ့ ဒီဇင်ဘာ ၁၈ရက်နေ့ခင်းပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ရှိ မင်္ဂလာ ဗျူဟာ သာသနာ့ဗိမာန်တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  ဗဟို အလုပ်မှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်နှင့် နေပြည်တော်ခရိုင်နှင့် နေပြည်တော်တွင်းရှိ မြို့နယ် (၈)မြို့နယ်မှ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံပွဲ မိန့်ခွန်းတွင် ၄င်းက  ပြောကြားခဲ့သည်။

“အခုဒီမိုကရေစီဆိုတဲ့ အပင်လေးဟာ အခုချိန်မှာတော့ ခနော်ခနဲ့ပဲ ရှိသေးတယ်။ မြေတောင်မြှောက်ပေးဖို့ရေလောင်းဖို့ သန့်စင်ဖို့ အမြဲတမ်း လိုသေးတယ်။ ဆယ်နှစ်လောက်ဆိုရင်တော့ အခိုင်အမာ ရှိပြီဖြစ်တဲ့ အတွက်ကြောင့် ဖြစ်မှာ ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ အဖွဲ့သားတွေက နောက်ထပ်ငါးနှစ်လောက် တာဝန်ယူနိုင်အောင်ကြိုးစားရမယ်ဆိုတဲ့အချက်ကိုတော့ အားလုံး အသိပေးချင်ပါတယ်”ဟု ဦးဝင်းထိန်က ပြောကြားသည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် မြို့နယ် အသီးသီးတွင် လူငယ်အင်အားများကို ဖော်ထုတ်ပြီး လူငယ်အင်အားရရှိလာအောင် ကြိုးစားသွားရန်နှင့် အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွန်းလာရန်အတွက်  လာမည့် ၂၀၂၀ ရွေးကောက်ပွဲ ကာလတွင် အရည်အချင်းပြည့်ဝသည့် လူငယ် အမျိုးသမီး ၂၀ရာခိုင်နှုန်း ပါ၀င် ရရှိ စေရန် ကြိုးစားရမည်ဟု ထပ်မံတိုက်တွန်းခဲ့သည်။

“ကိုယ့်မြိို့နယ်အသီးသီးမှာရှိတဲ့  လူငယ်ပဲဖြစ်ဖြစ် ၊ လူကြီးပဲ ဖြစ်ဖြစ်အမျိုးသမီးတွေပါလာရင် အရည်အချင်းရှိရင် ရှိသလို နေရာပေးဖို့အတွက် တိုက်တွန်းတယ်”ဟု NLD ဗဟို အလုပ်မှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ကပြောသည်။

လက်ရှိတွင် အာဏာရပါတီ အစိုးရ အနေဖြင့် လူငယ်အင် အားအဖွဲ့အစည်းများ ဖော်ထုတ်ရရှိရေးအတွက် စတင်လုပ်ဆောင်နေပြီဖြစ်သည်။လာမည့် ၂၀၁၈ ခုနှစ် သင်္ကြန် မတိုင်ခင် အတွင်း မြို့နယ်များမှ ပေါ်ထွက်လာသော လူငယ် အဖွဲ့များစုပေါင်းပြီး တစ်နိုင်ငံလုံး လူငယ်ညီလာခံကိုကျင်းပရန်အတွက် ခန့်မှန်းထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags