ရှစ်လေးလုံးပါတီလို့ ဘာ့ကြောင့် နာမည်ပေးသလဲ(ဦးကိုကိုကြီးနှင့် အင်တာဗျူး)

ရှစ်လေးလုံးပါတီလို့ ဘာ့ကြောင့် နာမည်ပေးသလဲ(ဦးကိုကိုကြီးနှင့် အင်တာဗျူး)
နေပြည်တော်မှာ နိုင်ငံရေးပါတီ မှတ်ပုံတင်အပြီး မီဒီယာများ၏ မေးမြန်းမှုကို ဦးကိုကိုကြီး ဖြေကြားနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး ခေါင်းဆောင်တဲ့ အဖွဲ့ဟာ "ရှစ်လေးလုံး" ဆိုတဲ့နာမည်နဲ့ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ဒီကနေ့ပဲ နိုင်ငံရေးပါတီကိုမှတ်ပုံတင်လိုက်ပါပြီ။

မြန်မာ့သမိုင်းမှာ အစဉ်အလာကြီးမားတဲ့ ရှစ်လေးလုံးဟာ လူတစ်စု အသုံးချဖို့မဟုတ်ဘူးဆိုပြီး ပါတီနာမည်ကို ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒီနာမည်ကို ရွေးချယ်ဖြစ်ပုံအပါအဝင် ပါတီရဲ့ အဓိက ရည်ရွယ်ချက်၊ မူဝါဒစတာတွေအပြင် နိုင်ငံရေးရည်မှန်းချက်၊ မျှော်မှန်းချက် စတာတွေကို ပါတီမှတ်ပုံတင် အပြီးမှာ ဦးကိုကိုကြီးကို မဇ္ဈိမအပါအဝင် မီဒီယာအချို့ မေးမြန်းမှုများကို ဖော်ပြလိုက်ပါတယ်။

မေး။ ။ ဒီနေ့ ပါတီမှတ်ပုံတင်ဖို့ ဖြစ်လာတာက စပြီး ပြောပြပေးပါ။

ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ပေါက်ဖို့ဆိုပြီးတော့ ကြိုးစားလာခဲ့တာ တစ်နှစ်ခွဲလောက် ရှိပြီပေါ့။ ဆွေးနွေးမှုတွေ၊ အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်ပြီး တစ်ကယ့်တစ်ကယ် နိုင်ငံရေးပါတီအတွက် ဇောက်ချပြီးတော့ လုပ်တော့မယ်ဆိုတဲ့ ရဲဘောေ်တွ အားလုံးပေါ့။ ရန်ကုန်တင်မကပါဘူး။ နယ်အသီးသီးက အားလုံး ဓမ္မပီယာမှာ စုစည်းပြီးတော့ ပါတီရဲ့ အမည်၊ အလံ၊ တံဆိပ်၊ သင်္ကေတ၊ ဖွဲ့စည်းပုံကစပြီးတော့ ဆွေးနွေး၊ ဆုံးဖြတ်ခဲ့ကြပါတယ်။ အားလုံးရဲ့ စုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီကို ဒီနှစ်မကုန်ခင် မှတ်ပုံတင်မယ်မယ်ဆိုတဲ့ အချိန်ကာလသတ်မှတ်ချက်ကိုလည်း ပြည့်မီအောင် တောက်လျှောက် ပြင်ဆင်ကြိုးစားခဲ့ပြီးတော့ ဒီနေ့မှာတော့ နိုင်ငံရေးပါတီအဖြစ်နဲ့ လာပြီး မှတ်ပုံတင်တာ ဖြစ်ပါတယ်။

မေး။ ။ ဘာ့ကြောင့် ဒီ(ပါတီ)နာမည်ကို ရွေးခဲ့တာလဲ။

အဓိကကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို အကြောင်းပြုပြီးတော့ လက်ရှိရှိနေတဲ့ နိုင်ငံရေးအပြောင်းအလဲ၊ စီးပွားရေးအပြောင်းအလဲတွေက ဖြစ်ပေါ်လာတာ။ အဲ့တော့ မြန်မာ့နိုင်ငံရေးရဲ့ အဓိက ခါးရိုးပေါ့။ အဓိကကျတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ကိုယ်တိုင်လည်း တက်တက်ကြွကြွနဲ့ ဦးဆောင်ပါဝင်ခဲ့သူတစ်ယောက်အနေနဲ့ နောက်တစ်ခုက ကျွန်တော်တစ်ယောက်ထဲအနေနဲ့ မဟုတ်ဘဲနဲ့ ပါဝင်ဆောင်ရွက်တဲ့ ရဲဘော်အားလုံးက ၈၈ကို အင်မတန်လေးစားတန်ဖိုးထားတဲ့အတွက်ကြောင့် အခြားနာမည်တွေ ရွေးချယ်ကြ၊ အဆိုပြုကြတာတွေ ရှိပါတယ်။ အဲ့ဒီအထဲကမှ ရှစ်လေးလုံးဆိုတာ အရိုးရှင်းဆုံးနဲ့ ပြည်သူတွေကြားထဲမှာလည်း လေးလေးနက်နက် ခံယူထားပြီးသား ဒီနာမည်ကို သုံးခြင်းဟာ ကျယ်ပြန့်တဲ့သဘောဆောင်တယ်။ ကျွန်တော်တို့ကလည်း အားလုံးပါဝင်ဆောင်ရွက်နိုင်ဖို့ အမြဲတမ်းလည်း မျှော်လင့်ထားတယ်။ ပြီးခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာလည်း ဆွေးနွေးမှု၊ တိုင်ပင်မှု လုပ်ခဲ့ကြတာတွေ ရှိတော့ ဒီနာမည်ဟာ ကျွန်တော်တို့ တစ်ကယ်တန်ဖိုးထားတယ်။ ဒါဟာ ကိန်းဂဏန်းအမှတ်အသား သက်သက် မဟုတ်ပါဘူး။ အဲ့ဒီနောက်မှာ တစ်ကယ့်လေးနက်တဲ့ ဦးတည်ချက်တွေ၊ ရည်ရွယ်ချက်တွေ ပါပါတယ်။ ဒါကြောင့်မို့လို့ ဒီနာမည်ကို ဆုံးဖြတ်လိုက်ခြင်းဟာ  သာမန် ကိန်းဂဏန်း အမှတ်အသားတစ်ခုထက် လေးနက်တဲ့ နိုင်ငံရေးအဓိပ္ပာယ်တွေ အများကြီး ပါတယ်။  

မေး။ ။ ပါတီနာမည်ကို ဝေဖန်မှုရှိနေတဲ့အပေါ် ဘာများ ပြောချင်ပါလဲ။

ဖြေ။ ။ သိပ်ပြီး ဘာမှ အထူးအထွေ ပြောစရာ မရှိပါဘူး။ ကျွန်တော်တို့ အင်မတန် တန်ဖိုးထားတဲ့၊ လေးစားတဲ့ လူထုအရေးတော်ပုံကြီးရဲ့ ကြွေးကြော်သံတွေကို ဆက်လက်ဖော်ဆောင်ဖို့အတွက်ဆိုတဲ့ ဦးတည်ချက်အပေါ်မှာ ကျွန်တော်တို့ ခိုင်ခိုင်မာမာ ဆက်ပြီးတော့ ရပ်တည်သွားမှာပါ။

မေး။ ။ ပြောကြတာတော့ ရှစ်လေးလုံးဆိုတာ တစ်စုတစ်ဖွဲ့၊ တစ်ဦးရဲ့ အပိုင်မဟုတ်ဘူးပေါ့။ အဲ့တော့ ကန့်ကွက်မှုတွေ ရှိလာရင်ကော ဘယ်လို ရင်ဆိုင်သွားမလဲ၊ တုံ့ပြန်သွားမလဲ။

ဖြေ။ ။ ဥပဒေ နည်းလမ်းအရပဲ ဆောင်ရွက်သွားမှာပါ။ ကော်မရှင်မှာ မှတ်ပုံတင်တယ်ဆိုတာ ကော်မရှင်က သူ့အနေနဲ့ အခြားနိုင်ငံရေးပါတီများအနေနဲ့ ကန့်ကွက်ဖို့ရှိသလားဆိုတာတွေကို ထုံစံအတိုင်း သူက အကြောင်းကြားတာတွေ လုပ်ပါလိမ့်မယ်။ လုပ်ပြီးတဲ့အခါကျရင်လည်း ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းအတိုင်းပဲ ဆောင်ရွက်သွားမှာပါ။ အဓိက ပြောချင်တာကတော့ ပါတီသစ် ထူထောင်ဖို့ ကြိုးစားတဲ့နေရာမှာ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ပါဝင်အောင် ကြိုးစားခဲ့တဲ့အတွက်ကြောင့် နယ်အသီးသီးမှာဆိုရင်လည်း ၈၈ကာလကတည်းက တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တဲ့၊ ဦးဆောင်ခဲ့တဲ့ ရဲဘော်တွေ ကိုယ်တိုင်ပါ တစ်နို်င်ငံလုံးအတိုင်းအတာနဲ့ စုစည်းနိုင်ခဲ့တာကြောင့် ရဲဘော်တွေ ကိုယ်စားလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ်။ အဲ့ဒီနေ့ကဆိုရင် နာမည်ရွေးချယ်ပြီးတဲ့အခါမှာ တကယ့်ကို စိတ်လှှုပ်ရှားပြီး အားလုံးက ရှစ်လေးလုံးတုန်းက စိတ်ဓာတ်မျိုးတွေပါ တက်ကြွခံစားလာရတဲ့ ရဲဘော်တွေကိုကြည့်ပြီး ကျွန်တော် အင်မတန် အားရပါတယ်။

မေး။ ။ အဲ့တော့ ပါတီက ဘယ်လို မူဝါဒနဲ့ ရှေ့ဆက်သွားမလဲ။

ဖြေ။ ။ ။ ရွေးကောက်ပွဲကော်မရှင်က ရက်ပေါင်း ၃၀အတွင်း အကြောင်းပြန်လာဖို့ ရှိတယ်။ အဲ့ဒီအခါကျရင် ပါတီအလုပ်အမှုဆောင်အဖွဲ့၊ ဖွဲ့စည်းပုံတွေ အသေးစိတ် ထပ်ပြီး တင်ရမှာ ရှိတယ်။ အဲ့ဒီအခါကျရင်တော့ မူဝါဒ၊ ဖွဲ့စည်းပုံ၊ စည်းမျဉ်းစည်းကမ်းတွေပါ ထပ်ပြီးတေ့ တင်ပြသွားမှာပါ။ အခုအချိန်မှာတော့ အားလုံးစုံညီ ဆွေးနွေးဆုံးဖြတ်ထားတဲ့အထဲမှာ အရေးကြီးတဲ့အချက်တွေကိုပဲ မီးမောင်းထိုးပြီး ကျွန်တော် ပြောချင်ပါတယ်။ အဲ့တော့ ပါတီရဲ့ အဓိက ရည်ရွယ်ချက် မူဝါဒတွေထဲမှာ နို်င်ငံသားတိုင်း၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျားမ မရွေး၊ အဆင့်အတန်းမရွေး ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ တန်းတူခံစားခွင့်ရရှိရေး ဒါဟာ ပါတီရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ တိုင်းရင်းသားတန်းတူညီမျှရေးနဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရေးဟာ ပါတီရဲ့ အခြေခံကျတဲ့ မူဝါဒတွေ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ ပတ်သက်ရင်လည်း ဈေးကွက်စီးပွားရေးဆိုပြီးတော့ ၁၉၈၈ အာဏာသိမ်းပြီးကတည်းက ဖော်ဆောင်လာခဲ့ပေမယ့် ဒီနေ့ ဒီအချိန်အထိ ကျွန်တော်တို့ ဒီနေ့ ပါတီက မျှော်မှန်းတဲ့အဆင့်ကို ဖြစ်မလာပါဘူး။ လွတ်လပ်ပြီးတော့ မျှတတဲ့ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ရေးဆိုတာကို စီးပွားရေးရဲ့ အခြေခံကျတဲ့ ရည်ရွယ်ချက် မူဝါဒအဖြစ် သတ်မှတ်ထားပါတယ်။

ဖွ့ံဖြိုးတိုးတက်ရေးဆိုတဲ့နေရာမှာ ရေရှည်တည်တံ့ပြီးတော့ မျှတတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်အောင် ကျွန်တော်တို့အနေနဲ့ အဓိက ပါတီရဲ့ စီးပွားရေးမူဝါဒအနေနဲ့ ရည်ရွယ်ထားပါတယ်။

ကျန်တာကတော့ အလုပ်သမားအရေး၊ လယ်သမားအရေး၊ လူငယ်များနဲ့ ပတ်သက်တဲ့အပိုင်း၊ နောက်တစ်ခါ နိုင်ငံခြားနဲ့ဆက်ဆံတဲ့အပိုင်းဆိုပြီးတော့ ရည်ရွယ်ချက်၊ မူဝါဒတွေကို စုံညီ ဆွေးနွေး၊ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

မေး။ ။ ဘယ်လောက်အထိ မျှော်မှန်းထားလဲ။ ဥပမာ- ၂၀၂၀၊ ၂၀၂၅ စသဖြင့် ရွေးကောက်ပွဲကျရင်ပေါ့လေ။

ဖြေ။ ။ နိုင်ငံရေးပါတီထောင်တယ်ဆိုတာကတော့ ရွေးကောက်ပွဲဝင်မယ်။ ယှဉ်ပြိုင်မယ်။ ဒါက ယေဘုယျ နားလည်ထားမှုတွေပေါ့။ တကယ့်တကယ် ဒီ့ထက် အများကြီး ကျယ်ပြန့်ပါတယ်။ ရွေးကောက်ပွဲမဝင်ခင် ကာလမှာကတည်းက ပြည်သူလူထုရဲ့ စိုးရိမ်ကြောင့်ကျမှုတွေ၊ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကျွန်တော်တို့က ပါတီတစ်ရပ်အနေနဲ့ လက်ရှိဆောင်ရွက်နေတာတွေကို ထောက်ပြတာ၊ ဝေဖန်တာ၊ အကြံပေးတာတွေကနေ စပြီးတော့ ပြည်သူတွေရဲ့ တိုင်တန်းမှုတွေ သူတို့ရဲ့ အခက်အခဲတွေကို တတ်နိုင်သလောက် ဖြေရှင်းသွားဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ အများကြီး ကျယ်ပြန့်ပါတယ်။ သာမန်အားဖြင့် ပြောရင်တော့ ရွေးကောက်ပွဲဝင်ဖို့၊ အနိုင်ရဖို့ဆိုတဲ့ဟာက ဒါက လုပ်ရိုးလုပ်စဉ် ကိစ္စပါ။ ဒီထက့်အများကြီး ကျယ်ကျယ်ပြန့်ပြန့် မျှော်မှန်းထားပါတယ်။

မေး။ ။ NLD ကို ဝန်းရုံဖို့ကော

ဖြေ။ ။ နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ပြီဆိုရင် ပါတီတစ်ရပ်ရဲ့ ယုံကြည်ချက်၊ မူဝါဒ၊ ဦးတည်ချက်ဆိုတာ ရှိပါတယ်။ အဲ့ဒီ ယုံကြည်ချက်၊ မူဝါဒ၊ ဦးတည်ချက်တွေအပေါ်မှာ တူညီတဲ့အဖွဲ့အစည်းများနဲ့ မဟာမိတ်မူဝါဒ ကျင့်သုံးသွားဖို့ဆိုတာကိုလည်း ပါတီက အခိုင်အမာ ချမှတ်ထားပါတယ်။

မေး။ ။ အတူရုန်းကန်ခဲ့တဲ့ တခြားရဲဘော်၊ ရဲဘက်တွေ ပါမလာတဲ့အပေါ် ဘာပြောချင်လဲ။

ကျွန်တော်တို့ကတော့ ပါစေချင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးပါတီဆိုတာက ယုံကြည်ချက်၊ မူဝါဒ၊ ဦးတည်ချက် တူသူများ စုဝေးတဲ့ အစုအဝေးကို နိုင်ငံရေးပါတီလို့ ခေါ်တာ။ အဲ့တော့ အကြောင်းကြောင်းကြောင့် မပါနိုင်တဲ့သူတွေကိုလည်း တစ်ချိန်ချိန်မှာ သူတို့က ပြန်စဉ်းစားမယ်။ ပြန်ညှိနှိုင်းကြမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က ကြိုဆိုပါတယ်။ နိုင်ငံရေးပါတီဆိုတာ လူတိုင်းတော့ ပါမှာ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ပါတီတွေ အများကြီးရှိတဲ့အထဲမှာ အသီးသီး၊ အသီးသီးလည်း သူ့ဆိုင်ရာ ပါတီတွေမှာ ပါနေကြတာပဲ။ တချို့လည်း ဘယ်ပါတီမှ မပါဘဲနဲ့ ဒီအတိုင်းပဲ သူ့ရဲ့ အမြင်သဘောထားတွေကို ပြောနေကြ၊ ရေးနေကြ၊ ဝေဖန်နေကြတာလည်းရှိတော့ ဒါကတော့ နိုင်ငံရေးရဲ့ ဖြစ်ရိုး၊ ဖြစ်စဉ်လို့ပဲ ကျွန်တော် မြင်ပါတယ်။ အဓိက ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလှုပ်ရှားနိုင်သလဲ။ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် လူထုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မလဲဆိုတာက နိုင်ငံရေးပါတီတစ်ခုရဲ့ ပေတံပေါ့လေ။ ရေချိန်ပေါ့။ အဲ့လိုပဲ မြင်ပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အလွန် နိုင်ငံရေးမှာ ဘာတွေများ ရည်မှန်းချက်၊ မျှော်မှန်းချက် ရှိပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့နိုင်ငံမှာ ဝေါဟာရတွေအရ လွဲနေတာ ရှိတယ်။ ပါတီထောင်ရင် အာဏာလိုချင်လို့ဆိုတဲ့ဟာမျိုး။ အဲ့ဒါကိုတော့ ကျွန်တော်တို့က ရှင်းရှင်းပြောချင်တယ်။ ကျွန်တော်တို့ နှစ် ၃၀ကာလ ဖြတ်သန်းခဲ့ပြီးပြီ။ နေရာတွေ၊ ရာထူးတွေနဲ့ ပတ်သက်လို့ ဒါတွေကို ဘယ်လောက်ဦးစားပေးပြီး လုပ်သလဲ၊ မလုပ်ဘူးလဲဆိုတာလည်း အားလုံး မြင်ထားပြီးသားပဲ။ အဲ့တော့ အဓိကက တာဝန်ယူချင်လို့ ကျွန်တော်တို့ နိုင်ငံရေးလုပ်တာ။ အဲ့ဒီတာဝန်ဆိုတာ တာဝန်သိစိတ်နဲ့ တာဝန်ယူချင်လို့ နိုင်ငံရေးလုပ်တာ။ ဘယ်သူကမှ ခိုင်းလို့၊ ဘယ်သူကမှ တာဝန်ပေးလို့ ကျွန်တော်တို့ လုပ်ခဲ့ကြတာ မဟုတ်ဘူး။ နိုင်ငံရေးအပေါ်မှာ ယုံကြည်မှု တစ်ကယ့်ကို ခိုင်ခိုင်မာမာနဲ့ ကျွန်တော်တို့ခေတ်မှာ ပုခုံးပေါ်ကျတဲ့တာဝန်ကို ငါတို့ ယူမယ်၊ ငါတို့ ထမ်းမယ်ဆိုတဲ့ ခံယူချက်နဲ့ နိုင်ငံရေးလုပ်ခဲ့တာဖြစ်တဲ့ အတွက်ကြောင့် ဘယ်သူကမှ ခိုင်းစရာ မလိုဘူး။ ဘယ်သူကမှ တာဝန်ပေးစရာ မလိုဘူး။ တာဝန်သိစိတ်၊ တာဝန်ယူစိတ်နဲ့ပဲ နိုင်ငံရေး ဆက်လုပ်သွားမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly