မန်စီးတီးသို့ ဗန်ဒိုက်ရောက်မသွားစေဖို့ ၀ိုင်းဝန်းကြိုးပမ်းကြရန် ပရီးမီးယားလိဂ်ကလပ်များကို ကွန်တီ တိုက်တွန်း

မန်စီးတီးသို့ ဗန်ဒိုက်ရောက်မသွားစေဖို့ ၀ိုင်းဝန်းကြိုးပမ်းကြရန် ပရီးမီးယားလိဂ်ကလပ်များကို ကွန်တီ တိုက်တွန်း

ဒီဇင်ဘာ ၁၉၊ အင်္ဂလန် ။             ။ မန်စီးတီးအသင်းသို့ ဆောက်သမ်တန်နောက်ခံလူဗန်ဒိုက် ရောက်မသွားစေဖို့ ၀ိုင်းဝန်းကြိုးပမ်းကြရန် ပရီးမီးယားလိဂ်ကလပ်များကို ချယ်လ်ဆီးနည်းပြကွန်တီက တိုက်တွန်းပြောဆိုလိုက်သည်။

ဗန်ဒိုက်ကို လီဗာပူးလ်အသင်းက ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပေ။

လက်ရှိအချိန်တွင် ဟော်လန်လက်ရွေးစင်နောက်ခံလူကို လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် မန်စီးတီးအသင်းတို့က ခေါ်ယူလိုလျက်ရှိနေကြသလို မန်ယူကလည်း စောင့်ကြည့်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဗန်ဒိုက်ကဲ့သို့ ကစားသမားကောင်းများ မန်စီးတီးသို့ရောက်သွားပါက မန်စီးတီးကို ယှဉ်နိုင်ရန် အလွန်ခက်သွားလိမ့်မည်ဟု ကွန်တီက ဆိုသည်။ “ အသင်းတိုင်း၊ ကလပ်တိုင်း အာရုံစူးစိုက်ကြပါလို့   ပြောချင်ပါတယ်။ မန်စီးတီးလိုအသင်းကို ကစားသမားကောင်းတွေထပ်ရောက်သွားမယ်ဆိုရင် သူတို့ကို ယှဉ်နိုင်ဖို့ အလွန်ခက်ခဲသွားပါလိမ့်မယ်။ အင်္ဂလန်မှာတင် မဟုတ်ပါဘူး။ ဥရောပမှာပါ ယှဉ်ပြိုင်ဖို့ ခက်သွားမှာပါ” ဟု ကွန်တီက ဆိုသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဗန်ဒိုက်သည် လာမည့်ဇန်နဝါရီတွင် အသင်းမှ ထွက်ခွာသွားနိုင်ကြောင်း ဆောက်သမ်တန်နည်းပြ ပယ်လီဂရီနိုကလည်း ပြောဆိုပြီး ဖြစ်သည်။ ဗန်ဒိုက်အတွက် ဆောက်သမ်တန်အသင်းက ပေါင်သန်း ရ၀ အလိုရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly