“အမေရိကန် ပထမ” မူကို အခြေတည်သော အမျိုးသားလုံခြံုရေးမဟာဗျူဟာ ထရမ့် ထုတ်ပြန်

“အမေရိကန် ပထမ” မူကို အခြေတည်သော အမျိုးသားလုံခြံုရေးမဟာဗျူဟာ ထရမ့် ထုတ်ပြန်

၀ါရှင်တန်ဒီစီ၊ ဒီဇင်ဘာ ၁၉ ။             ။ ရုရှနှင့် တရုတ်တို့၏ ပူးပေါင်းဆောင်ရွက်မှုများကို စိတ်ထက်သန်သူဖြစ်ပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့စင််မြင့်တွင် ပြိုင်ဖက်အင်အားစုများအဖြစ် ရုရှနှင့် တရုတ်ကို အမေရိကန်က ရင်ဆိုင်နေရပြီး ၎င်းတို့အား ချည်းကပ်မှုတွင် အမေရိကန်၏ အကျိုးစီးပွား အဓိကထားခြင်းအားဖြင့်သာ အမြဲချည်းကပ်သွားမည်ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့ဟာ ကိုယ်ပိုင်အတွက်ပဲ ရပ်တည်သွားရမယ်။ အရင်ကလို မလုပ်တော့ဘဲ ကိုယ့်တိုင်းပြည်အတွက် ရပ််တည်ကြမယ်။”ဟု မိန့်ခွန်းတွင် ထရမ့်က ပြောပြီး “အမေရိကန်ဟာ ယှဉ်ပြိုင်ကွင်းထဲ ရှိနေပြီး အမေရိကန်ပဲ အနိုင်ရလိမ့်မယ်။”ဟု ဆိုသည်။

၀ါရှင်တန်ရှိ ရော်နယ်ရေဂင်စင်တာတွင် “အမေရိကန် ပထမ” မဟာဗျူဟာကို အသားပေးသော မိန့်ခွန်းပြောဆိုမှုအား ၀န်ထမ်းများ၊ စစ်မှုထမ်းများ၊ ကက်ဘိနက်အဖွဲ့ဝင်များ ရှေ့မှောက်တွင် ဒေါ်နယ်ထရမ့်က ပြောကြားခြင်း ဖြစ်သည်။

အမေရိကန်၏ ပြည်တွင်း အားကောင်းမှုကို တည်ဆောက်ပြီး ပြိုင်ဖက်များကြား ယှဉ်ပြိုင်စွမ်းအတွက် လိုအပ်မှုများအပါအဝင် ၎င်း၏ ပထမဆုံး အမျိုးသားလုံခြံုရေးမဟာဗျူဟာ မူကြမ်းတွင် အမေရိကန် ပထမ လမ်းကြောင်းပေါ် အခိုင်အမာတည်ဆောက်ကာ အလေးထား ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ မဟာဗျူဟာသစ်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ကျွန်တော်တို့ စံတန်ဖိုးတွေကို အခြေတည်ပြီး လမ်းပြသွားဖို့ပါ။ ကျွန်တော်တို့ ကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်တော်တို့ဟာ ယှဉ်ပြိုင်မှု ခေတ်သစ်တစ်ရပ်ထဲ ရောက်နေတာ ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

ယခု အမျိုးသားလုံခြံုရေးမဟာဗျူဟာသစ်သည် အမေရိကန် ပထမ ဆိုပြီး ပြန်လည်ထွန်းတောက်စေမည်ဖြစ်ကာ အင်အားခိုင်မာမှုအားဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်သွားနိုင်မည့် မဟာဗျူဟာဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly