ဖမ်းဆီးထားသည့် ရခိုင်တိုင်းရင်းသား ၅ ဦးတွင် ၂ ဦးကို ပြန်လွှတ်

ဖမ်းဆီးထားသည့် ရခိုင်တိုင်းရင်းသား ၅ ဦးတွင် ၂ ဦးကို ပြန်လွှတ်

 

မောင်တော၊ ဒီဇင်ဘာ ၁၉ ရက်။                ။ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ် အင်းဒင်ကျေးရွာက ရခိုင်တိုင်းရင်းသား ၅ ဦးတွင်၂ ဦးကို ပြန်လည် လွှတ်ပေးခဲ့သည်ဟု သိရသည်။

ပြန်လည်လွတ်မြောက်လာသူ ၂ ဦးမှာ အင်းဒင်ကျေးရွာနေ မြို့နယ် လက်ထောက် ပညာရေးမှူး ဦးမြင့်စိုး နှင့် ခွဆုံကျေးရွာ အုပ်ချူပ်ရေးမှူး ဦးအောင်သိန်းဖြူတို့ ဖြစ်ပြီး ၎င်းတို့ကို ဒီဇင်ဘာလ ၁၆ ရက်နေ့က စရဖ အဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းသည်။

ဖမ်းဆီးခံရသည့်နေ့တွင်ပင် စစ်တွေမြို့သို့ ခေါ်ဆောင်လာပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပြီး နောက်တစ်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု မောင်တောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက အတည်ပြု ပြောကြားသည်။

“ ၁၆ ရက်နေ့က စစ်တွေကို ခေါ်ဆောင်သွားတဲ့ လက်ထောက်ပညာရေးမှူး တစ်ယောက်နဲ့ ကျောင်းအုပ်တစ်ယောက်တော့ လွတ်လာပြီ။ မောင်တောကို ခေါ်လာတဲ့ ၃ ယောက်တော့ မလွတ်သေးဘူး။ သူတို့ ၃ ယောက်ကိုလည်း စစ်တွေ ခေါ်သွားပြီ။ လွတ်လာတဲ့ သူတွေကိုလည်း မမေးရသေးဘူး။” ဟု ၎င်းက ပြောသည်။

အဆိုပါ ပြန်လည်လွတ်မြောက်လာသည့် ၂ ဦးထဲမှ ဦးမြင့်စိုးကို ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီက တယ်လီဖုန်းခေါ်ဆိုခဲ့ရာတွင် “ ခဏနေရင် ပြန်ခေါ်ပါဦး” ဟု ဖြေကြားခဲ့သော်လည်း နောက်ပိုင်း ပြန်လည် ခေါ်ဆိုရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိတော့ပါ။

ထို့ပြင် ဒီဇင်ဘာလ ၁၅ ရက်နေ့က ဖမ်းဆီးခြင်းခံခဲ့ရသည့် အင်းဒင်ကျေးရွာတွင် တာဝန် ကျနေသည့် ကျောင်းဆရာ ဦးထွန်းအေး၊ ဦးထွန်းထွန်းနိုင်တို့နှင့် ကျေးရွာသား ဦးမောင်သိန်းဖြူတို့ကိုလည်း ဒီဇင်ဘာလ ၁၇ ရက်နေ့က စစ်တွေမြို့သို့ ခေါ်ဆောင်လာကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

အဆိုပါ ဖမ်းဆီးမှုများနှင့် ပတ်သက်၍ စရဖ (စစ်တွေ) သို့ ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့အနေနှင့် ဖြေကြားခွင့် မရှိကြောင်းနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးသို့သာ ဆက်သွယ်မေးမြန်းရန် ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly